ငွေကြေးနှင့် မျိုးစပါးများအပြင် လယ်ယာမြေများထွန်ယက်ပေးမည်ဟု စစ်ကောင်စီပြော၊ မိုင်းရှင်းလင်းရေး အဓိကလုပ်ဆောင်ပေးရန် စစ်ဘေးရှောင်များတောင်းဆို

By Western News/ 2021 April 27

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် တပ်မတော်တို့၏တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းများ၌ ခိုလှုံနေကြရသည့် စစ်ဘေးရှောင်များထဲမှနေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များကိုငွေကြေး၊ မျိုးစပါးများနှင့် လယ်ယာမြေများထွန်ယက်ပေးမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီက ပြောဆိုလိုက်သည်။

ယင်းအပြင် နေရပ်ပြန်လိုသည့် စစ်ဘေးရှောင်များကိုလည်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီဌာနမှ စားနပ်ရိက္ခာ ၃ လစာကိုပေးသွားရန်စီစဉ်နေကြောင်း ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကပြောဆိုလိုက် ခြင်းဖြစ်သည်။

အထက်ပါပြောဆိုချက်ကို ရခိုင်ပြည်နယ်ဥပဒေရုံးချုပ်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဧပြီလ ၂၆ ရက်နေ့တွင်သတင်းထောက်များကိုပြောဆိုလိုက်ခြင်းဖြစ်သည်။

“တင်ပြလာတဲ့ဟာတွေနဲ့ပတ်သတ်ပြီးတော့ ကျနော်တို့ပြောခဲ့သလို နေအိမ်မပျက်ဘဲနဲ့ နည်းနည်းပါးပါးပြုဖို့၊ ပြင်ဖို့လိုအပ်တာတွေရှိ လို့ရှိရင် ဒေသအလိုက်ငွေကြေးတောင်းခံတာတွေရှိရင် ကျနော်တို့ပြည်နယ်လုံခြုံရေးနဲ့ အုပ်ချုပ်ရေးကောင်စီကပေးဖို့ အစီအစဉ်ရှိ ပါတယ်။ နောက် ရိက္ခာအားဖြင့် လူကယ်ပြန်ကလည်း ၃ လစာလောက် ရိက္ခာပေးဖို့အစီအစဉ်တွေရှိတယ်။ အဲ့ဒီအပြင်နေရပ်ပြန်သွားတဲ့ စစ်ဘေးရှောင်တွေအတွက် ကောင်စီက လယ်ထွန်ပေးဖို့နဲ့ မျိုးစပါးတွေကို အခမဲ့ပေးဖို့အတွက်စီစဉ်ထားပါတယ်”ဟုပြောသည်။

စစ်ဘေးရှောင်စခန်းများထဲမှ မိမိတို့နေရပ်သို့ပြန်ရန်အတွက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီထံသို့တင်ပြလာသည့် စစ်ဘေးရှောင်များမှာ ကျောက်တော်မြို့ပေါ်ရှိစစ်ဘေးရှောင်စခန်းများတွင်နေထိုင်နေကြသည့် တင်းမကျေးရွာသားများနှင့် မင်းပြားမြို့နယ်၊ ဖားပြိုစစ်ဘေးရှောင်စခန်းမှစစ်ဘေးရှောင်များဖြစ်ကြောင်းလည်း ဦးလှသိန်းကဆိုသည်။

ယင်းအပြင် စစ်ကောင်စီအနေဖြင့်လယ်ယာမြေများထွန်ယက်ပေးမည်ဟုဆိုသည်မှာ အိမ်ခြေများသောကျေးရွာဆိုလျင် လယ်ထွန်စက် တစ်စီး၊ အိမ်ခြေနည်းသောကျေးရွာများဆိုလျင် ကျေးရွာနှစ်ရွာပေါင်းတစ်စီးကျစီပေးသွားကာ သင့်တင့်လျှောက်ပတ်စွာထွန်ယက် ပေးသွားမည်ဟုလည်း ဦးလှသိန်းကဆက်ပြောသည်။

မင်းပြားမြို့နယ်၊ ဖားပြိုစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုအမ်းသားကြီးကမူ စစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရန် အတွက် ကောင်စီအားဆက်သွယ်ထားသည်မှာဟုတ်မှန်ကြောင်းပြောသည်။

“အိမ်တွေမီးရှို့ခံရတယ်။ ပြီးတော့အနီးအနားစစ်တပ်က အိမ်တွေကိုလာပြီးဖြိုတာတွေရှိတယ်။ ဆိုတော့ ဖားဖြိုရွာကအိမ်တွေ ၉၉ ရာခိုင်းနှုန်းလောက်ဟာ ပြိုပျက်နေတယ်။ ဒီတော့ ကျနော်ကသူတို့နေရပ်ပြန်မယ်ဆိုရင် အိမ်ဆောက်ပေးမှာလားဆိုပြီးတော့ ကောင်စီက ဦးသန်းထွန်းကိုဆက်သွယ်ကြည့်တော့ ကောင်စီကပြန်ဆောက် ပေးမယ်ဆိုပြီးတော့ပြောတာရှိတယ်။ အဲဒီအပြင် မျိုးစပါးတွေနဲ့ လယ်ယာမြေတွေကိုလည်း ထွန်ယက်ပေးမယ်လို့ ပြောတာရှိတယ်”ဟုပြောသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်ကမိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စတင်ပြီး အမ်း-စစ်တွေ ကားလမ်းမကြီးနှင့် ရသေ့တာင် အငူမော်ကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းရေး လုပ်ဆောင်လျှက်ရှိသည်။

တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကားလမ်းမအပြင် တောင်တောင်များကိုလည်း ရှင်းလင်းပေးမှသာ မိမိတို့အနေဖြင့်နေရပ်သို့ ပြန်သွားနိုင်မည်ဖြစ်သည်ဟု စစ်ဘေးရှောင်အများစုက ပြောဆိုနေကြသည်။

မင်းပြားမြို့နယ်ဖားပြိုစစ်ဘေးရှောင်စစခန်းမှ စစ်ဘေးရှောင်ဒုက္ခသည်တစ်ဦးဒေါ်အေးမြသန်းက” စစ်တပ်ကနေပြီးကားလမ်းမတွေမှာ မိုင်းရှင်းလင်းရေးလုပ်တာတွေရှိတယ်။ ဒါပေမယ့် ကျေးရွာအတွင်းမှာ စစ်သားတွေနေထိုင်ခဲ့တာတွေရှိတယ်။ တောတောင်တွေမှာ နေထိုင်ခဲ့တာတွေရှိတယ်။ အဲ့ဒီနေရာတွေမရှင်းလင်းဘဲ ကျွန်မတို့ဘယ်လိုလုပ်ပြီးတော့ ရွာမှာနေထိုင်လို့ရမှာလဲ၊ အဲ့ဒီနေရာတွေကိုလည်း မိုင်းရှင်းလင်းရေးတွေလုပ်ရမှာပဲ” ဟုပြောသည်။

သို့သော်လည်းတပ်မတော် အနေဖြင့်တောတောင်များကို မိုင်းရှင်းလင်းရန်အစီစဉ်မရှိ ကြောင်း မတ်လ ၆ ရက်နေ့တွင် ဗိုလ်မှူးကြီး မင်းသန့်ကပြော ဆိုခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်နှင့် တပ်မတော်တို့၏ တိုက်ပွဲများကြောင့် မိုးစပါးမစိုက်ပျိုးနိုင်မှုမှာ ၂၀၁၉ ခုနှစ်တွင် ဧကပေါင်း ၅၀၀၀၀ ခန့်နှင့် ၂၀၂၀ ခုနှစ်တွင် ဧကပေါင်း ၄၀၀၀၀ ကျော်ထိရှိကြောင်း ရခိုင်ပြည်နယ်တောင်သူလယ်သမားသမဂ္ဂမှကောက်ယူခဲ့သော စာရင်းများအရသိရသည်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် တို့အကြား ၂ နှစ်နီးပါးကြာဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၁၈၅၀၀၀ ကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ကကောက်ယူထားသည့်စာရင်းများကဆိုသည်။

https://www.facebook.com/westernnewsagency/posts/279050107234834

Leave a Reply

Your email address will not be published.