ငပလီကမ်းခြေတွင် စျေးဆိုင်ခန်းတချို့ ပြန်လည်ဖွင့်လှစ်ရောင်းချ

By Developement Media Group (DMG)/ 2021 April 22

ငပလီကမ်းခြေတွင် သင်္ကြန်ကာလအတွင်းမှ စတင်ကာ စျေးဆိုင်ခန်းအချို့ ပြန်လည်ဖွင့်လှစ် ရောင်းချလျှက်ရှိကြောင်း သိရသည်။

COVID-19 ကာလ ကမ်းခြေအတွင်းစျေးရောင်းချခြင်းကို ရပ်နားထားခဲ့ရပြီး ယခုအချိန်တွင် သင်္ကြန်ကာလဖြစ်သည့်အတွက် ကမ်းခြေသို့ လာရောက်လည်ပတ်သူများရှိနေ၍ စျေးဆိုင်ခန်းများကို ပြန်လည်ဖွင့်လှစ်ရောင်းချကြခြင်းဖြစ်ကြောင်း စျေးဆိုင်ရောင်းချသူ ကိုကျော်ကျော်ကပြောသည်။

“အခုတော့ သင်္ကြန်မတိုင်ခင်ကပင်စပြီး စျေးနည်းနည်းရောင်းရတယ်။ အရင်တော့ တစ်နှစ်ကျော်ကျော်လောက် မရောင်းဘဲ ကြုံရာအလုပ်လုပ်ခဲ့ရတယ်။ နှစ်တိုင်းဆိုရင် အခုအချိန် လူတွေ အရမ်းစည်ကားနေပြီး ရောင်းချရတာအဆင်ပြေတယ်” ဟု ပြောသည်။

မိုးတွင်းကာလဆိုလျှင် ကမ်းခြေသို့ လာရောက်လည်ပတ်သူ နည်းပါးသည့်အတွက် စျေးဆိုင်ရောင်းချမှု များရပ်နားကာ စုဆောင်းထားသော ငွေကြေးများနှင့် ပွင့်လင့်ရာသီအထိ ချွေတာပြီးစားသောက်ရေး အဆင်ပြေအောင် နေကြရကြောင်းလည်း စျေးဆိုင်ရောင်းချသူများကပြောဆိုကြသည်။

ယခုအခါ COVID-19 ကာလအတွင်း စျေးရောင်းခြင်း မပြုလုပ်ရခြင်းကြောင့် စားဝတ်နေရေးအဆင်ပြေစေရန်အတွက် အမျိုးမျိုး ရုန်းကန်နေရကြောင်းလည်း စျေးသည်တစ်ဦးဖြစ်သူ ဒေါ်ခင်ခင်ရွှေက ပြောဆိုပါသည်။

“အရင်ကဆို အခုလိုရာသီမှာ ဆန်တစ်အိတ်ဖို့ရရင် တစ်အိတ်ဖိုး ဝယ်ထားရတယ်။ COVID-19 ကာလ တစ်လျှောက် စျေးကမရောင်းရတော့ ကြုံရာအလုပ်ကိုလုပ်ပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေကြရတယ်” ဟု ဆိုသည်။

ငပလီကမ်းခြေတွင် ဟိုတည်များပြန်လည်ဖွင့်လှစ်မည်ဆိုပါက ယခင်ကကဲ့သို့ စျေးဆိုင်ရောင်းချမှုများလည်း ပိုမိုအဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း ဒေါ်ခင်ခင်ရွှေကပြောသည်။

သင်္ကြန်ကာလအတွင်း ငပလီကမ်းခြေသို့ လာရောက်လည်ပတ်ကြသူများမှာ ရခိုင်ပြည်နယ်အတွင်းမှ အများဆုံးဖြစ်ပြီး နိုင်ငံရေးအခြေအနေများကြောင့် ပြည်တွင်း၊ ပြည်ပမှ လာရောက်မှု နည်းပါးကြောင်းလည်း ပြောဆိုကြသည်။

https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/npl-shops.html?fbclid=IwAR1liy2bf1JRbEUICVrZoz0bvJ4W3Cusv6AuYDUb4RpFOpYEdGMLLV-dQrQ

https://www.facebook.com/dmgnewsagency/posts/1995917813893953

Leave a Reply

Your email address will not be published.