ကျောက်ဖြူပုဇွန်သားဖောက်လုပ်ငန်းမှ အကောင်အရေ ၆ သန်း နီးပါးထိ မျိုးဖောက်ထုတ်လုပ်

By Western News/ 2021 April 7

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ပုဇွန်သားဖောက်လုပ်ငန်းမှ ၂၀၂၀ ခုနှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ် ဧပြီလထိ သားဖောက်ကာလ အတွင်း ပုဇွန်သားပေါက် ၆ သန်း နီးပါးအထိ မျိုးဖောက်ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည် ၂၀၁၉-၂၀၂၀ ခုနှစ်က မျိုးပွားပုဇွန်ရရှိရန် ခက်ခဲသည့်အတွက် ပုဇွန်သားဖောက်အရေအတွက်မှာ ၂ သန်း ကျော်သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင် မျိုးပွားပုဇွန်ရရှိသည့်အတွက် ပုဇွန်သားဖောက်အရေ အတွက် မှာ ၅ သန်းခွဲကျော် ၆ သန်းနီးပါးထိ ထုတ်လုပ်နိုင်ခဲ့ကြောင်းကျောက်ဖြူပုဇွန်သားဖောက်ဦးစီးဌာနမှ တာဝန်ခံ ဦးရွှေပြည်အောင်က Western News သို့ပြောသည်။

“၂၀၁၉ နဲ့ ၂၀၂၀ ခုနှစ်ကဆိုရင် သားဖောက်ပုဇွန်အရေအတွက်ဟာ ၂ သန်းကျော်လောက်ပဲ ထုတ်လုပ်နိင်ခဲ့တယ်။ ဒီနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်မှာတော့ ကျွန်တော်တို့ ၅ သန်းခွဲကျော် ၆သန်းနီးပါးထုတ်လုပ်နိုင်ခဲ့တယ်။ ပြီးခဲ့တဲ့ နှစ်တွေ ကဆိုရင် ကျွန်တော်တို့က မျိုးပုဇွန်ရရှိဖို့ ခက်ခဲတယ်။ ကမ်းဝပ်ငါးဖမ်းသင်္ဘောတွေကနေ မျိုးပုဇွန် အမ တစ်ကောင် ကို ၂၀၀၀၀ တောင်ပေးပြီးဝယ်ရပါတယ်။ ဒီနှစ်မှာဆိုရင် ရုံးချုပ်ရဲ့အကူအညီကြောင့် မျိုးပုဇွန်တွေလည်းအလကားရရှိပြီးတော့ မနှစ်ကထက် ၇၀ ရာခိုင်နှုန်းလောက်ပိုများတာပေါ့”ဟုပြောသည်။

အဆိုပါသားပေါက်များကို ပေါက်တော၊ မင်းပြား၊ မြေပုံမြို့နယ်ကမ်းထောင်းကြီးဖက်သို့ အဓိကတင်ပို့ရပြီး တစ်ချို့မြို့နယ်များသို့ အနည်းငယ်သာ တင်ပို့ရသည်။ တင်ပို့သည့် အခါတွင်လည်းသေဆုံး မှုမှာ အကောင်ရေအတွက် ၂၅၀၀၀ တင်ပို့ရတွင် အကောင် ၁၀၀ ခန့်သေဆုံးမှုရှိသည်ဟု ဦးရွှေပြည် အောင်၏ ပြောကြားချက်အရ သိရသည်။

ယင်းပြင် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျွန်းဖျားကျေးရွာ၊ ကွမ်းတောင်ကျေးရွာတို့အပြင် စစ်တွေမြို့နယ်ဖက်တွင်လည်း ရေချမ်းပြင်၊ သက်ကေပြင်ကျေးရွာတို့တွင် သားဖောက်ပုဇွန်များကို မြစ်မှ တစ်နိုင်တစ်ပိုင် ရှာဖွေကာရောင်းချမှုများ ရှိကြောင်းလည်းဒေသခံများ ပြောကြားချက်အရသိရသည်။

စစ်တွေမြု့နယ်၊ သက်ကေပြင်ကျေးရွာနှင့်ရေချမ်းပြင်ကျေးရွာတို့မှ ပုဇွန်သားပေါက် တစ်ကောင်ကို ၁၀ ကျပ်စီပေး ဝယ်ရပြီး ပုဏ္ဏားကျွန်းမြို့နယ်မှကျေးရွာတို့တွင် တစ်ကောင်ကို ၃၀ ကျပ်စီပေးကာဝယ်ယူရကြောင်း သားဖောက် လုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကပြောသည်။

“သားဖောက်ပုဇွန်တွေကို ကျွန်တော်တို့ ပုဏ္ဏားကျွန်းနယ်ကဆိုရင် တစ်ကောင်ကို ၃၀ ကျပ်ပေးရပါတယ်။ စစ်တွေ ဖက်ကဆိုရင်တော့ တစ်ကောင်ကို ၁၀ ကျပ်ပဲပေးရတယ်။ ကျွန်တော်တို့က လိုချင်တဲ့ပမာဏကို သူတို့ကို လဝက် လောက်ကတည်းကကြိုပြောထားတယ်။ သူတို့က လူတွေစုပြီး ပင်လယ်ကနေ သားဖောက်တွေရှာဖွေကြတာပေါ့။ ခုဆိုရင် ပုဇွန်သားဖောက်မွေးထားတာ ၁ လ နီးပါးတော့ရှိပါပြီ။ ကဆုန်လကုန် နယုန် လလောက် မိုးရွာရင်တော့ ကျွန်တော်တို့ သားဖောက်တွေကကြီးပြီပေါ့ရောင်းချလို့ရပါပြီ”ဟုပြောသည်။

သားဖောက်ပုဇွန်ကို သယ်ဆောင်လာသည့်အခါ လမ်းခရီးတွင် အပူချိန်နှင့် ထိခိုက်မှုတို့ကြောင့် အနည်းငယ်သေ ဆုံးမှုများလည်း ရှိကြောင်း၎င်းဆက်ပြောသည်။

ရခိုင်ပြည်နယ်တွင် သားဖောက်လုပ်ငန်းကို စစ်တွေမြို့နယ်၊ ကျောက်ဖြူမြို့နယ်နှင့် စောမဲကျီကျွန်းတို့တွင် အဓိက လုပ်ကိုင် ကြောင်းလည်း ကျောက်ဖြူပုဇွန်သားဖောက်လုပ်ငန်းဦးစီးဌာနမှသိရသည်။

https://www.facebook.com/westernnewsagency/posts/266078988531946

Leave a Reply

Your email address will not be published.