ကျောက်တော်-ပလက်ဝ ပုဂ္ဂလိက မော်တော်ယာဉ်များ ၁ ပတ် ၂ ရက်သွားလာခွင့်ရ၊ လမ်းခရီးတွင် စစ်ဆေးရေးတင်းကြပ်ဟုဆို

By Western News/ 2021 April 22

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျောက်တော် – ပလက်ဝ ရေလမ်းကြောင်းကို ဧပြီလ ၂၂ ရက်နေ့မှစ၍ ပုဂ္ဂလိကမော်တော်ယာဉ်များ ကို ရက်အကန့် အသတ်ဖြင့် ရခိုင်ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီက တရားဝင်သွားလာခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့က ပလက်ဝမြို့ပေါ်မှာလော်စပီကာနဲ့ ပလက်ဝ-ကျောက်တော်ရေးလမ်းကြောင်းမှာ လိုင်းပြေးဆွဲတဲ့စက်လှေ‌တွေအနေနဲ့ ဧပြီလ ၂၂ ရက်နေ့ကစလို့ ပြေးဆွဲလို့ရပြီးကြေညာတယ်။ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ရက်အကန့်အသတ်နဲ့ တရားဝင်ခွင့်ပြုပေးလိုက်တယ်လို့ အသိပေးနှိုးဆော်ခဲ့တာပါ”ဟု ပလက်ဝဒေသခံ ကိုတင်ထွန်းအောင်က ပြောသည်။

သို့သော်လည်း ၎င်းရေလမ်းကြောင်းကို ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီကတရားဝင် ခွင့်ပြုထားခြင်းဖြစ်သော်လည်း လိုင်းပြေးဆွဲသည့် ပုဂ္ဂိလ စက်လှေပိုင်ရှင်များက ပလက်ဝမြို့ပေါ်ရှိ တပ်မ ၁၁ လက်အောက်ခံ ၂၈၉ တပ်ရင်းမှ တစ်ဆင့်ခွင့်ပြုချက် တောင်းခံပြီးမှ သာလျှင်သွားလာခွင့်ရသည်ဟု ပလက်ဝ-ကျောက်တော်မြို့သို့ပြေးဆွဲနေသည့် မော်စက်ရေယာဉ်ပိုင်ရှင် ကိုဇာဘွဲ့လွင်ကပြောသည်။

ယင်းအပြင် ပလက်ဝမြို့မှ ကျောက်တော်မြို့သို့ ခရီးသည်များဖြင့်သွားသည့် အချိန်တွင်လည်း လမ်း၌ ရှိသည့် တပ်မတော်စစ်ဆေးရေး ဂိတ်များက စစ်ဆေးမှုများရှိသဖြင့် အချိန်ကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသလို လွတ်လပ်မှုလည်းမရှိကြောင်း ကိုဇာဘွဲ့လွင် ကပြောသည်။

“ လမ်းမှာ စစ်ဆေးမှုတွေက အရမ်းများတယ်။ တပ်မတော်စစ်ဆေးရေးဂိတ်တွေက စစ်ဆေးလို့အချိန်ကြန့်ကြာမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ လွတ်လပ်လွတ်လပ်သွားလာလို့မရဘူးဖြစ်နေတယ်။ သွားလာခွင့်ပြုထားတာက တစ်ပတ်ကို ၂ ရက်ပါ။ ကောင်စီကတရားဝင်ခွင့်ပြုထားပေမယ့် တပ်ရင်း ၂၈၉ ကခွင့်ပြုချက်ယူခဲ့ရတယ်” ဟု ပြောသည်။

ကျောက်တော်-ပလက်ဝရေးလမ်းကြောင်းကိုသွားလာခွင့်ပိတ်ပင်ထားသည့်အချိန်တွင် ဒေသခံများမှာ ကျန်းမာရေး၊ စီးပွားရေ စသည်ဖြင့်ကိစ္စတစ်ခုခုဆိုပေါ်ပေါက်လာလျှင် တောလမ်းကိုအသုံးပြုခဲ့ရသဖြင့်အန္တရာယ် တစ်ခုခုဖြစ်လာမည်ကို စိုးရိမ်မှုနှင့်သွား လာခဲ့ရကြောင်းဒေသခံများကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ဗိုလ်မှုးကြီးမင်းသန့်ကို ဆက်သွယ်ခဲ့ ပေမဲ့ ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပါ။ အလားတူ ပလက်ဝမြို့နယ်အုပ်ချုပ်ရေးမှုး ဦးအောင်လောဟာကို ဆက်သွယ်ခဲ့ရာတွင် မိမိမှာခွင့်ယူထားသည့် အတွက် ၎င်းကိစ္စနှင့်ပတ်သက်၍မသိရှိကြောင်းပြောဆိုခဲ့သည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ရှိ ကျောက်တော် – ပလက်ဝ ရေလမ်းကြောင်းကိုလုံခြုံရေးအရဟုဆိုကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ပြီး တပ်မ-၁၁ ကသွားလာခွင့်ကို ပိတ်ပင်ထားခြင်းဖြစ်ပြီး ယခုဆိုလျင်တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/275876760885502

Leave a Reply

Your email address will not be published.