By Narinjara/ 2021 April 23
ဆောင်းဇာခြည်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကျောက်တန်းကျေးရွာအတွင်း ပိန္နဲပင်ရှိ ပိန္နဲသီးတစ်လုံးအထဲမှ ငှက်ပျောသီးများ ထူးဆန်းစွာ ထွက်ပေါ် လာသည်ဟုဆိုကာ လူများသွားရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။
ကျောက်တန်းကျေးရွာရှိ ဒိုင်းနက်ရွာချေမှ ဦးထွန်းဝေ၏ အိမ်ခြံဝင်းမှ ပိန္နဲပင်ရှိ ပိန္နဲသီးတွင် ပြီးခဲ့သည့် ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်ကာလအတွင်း) က ငှက်ပျောသီး ၁၃ သုံးလုံးပါ ငှက်ပျောသီးတစ်ဖီးမှာ ထူးဆန်းစွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း ကျောက်တန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းတင် က ပြောသည်။
“ပထမဆုံးက ပိန္နဲသီးက ကွဲထွက်ပြီးတော့ အဲဒီအထဲက ငှက်ပျောသီး အသေး ၁၃ လုံး ထွက်လာတယ်။ အဲဒါက ရက်ကြာလာတာနဲ့အမျှ တဖြည်းဖြည်း ကြီးလာပါတယ်။ အခု တော်တော် ကြီးနေပါပြီ။ ငှက်ပျောသီးက တောငှက်ပျောသီး အမျိုးအစားပါ။ ဒါကို ထူးဆန်းတဲ့အတွက် အနီးအနားရွာကလူတွေ တခြားမြို့နယ်တွေကလူတွေက ကားတွေ ဆိုင်ကယ်တွေနဲ့ လာကြည့်ကြတာရှိပါတယ်” ဟု ပြောသည်။
၎င်းငှက်ပျောသီးများမှာ တစ်ဖြည်းဖြည်းကြီးလာသဖြင့် လူအများအကြား အံ့ဩမှုနှင့် အတူ သွားကြည့်နေကြသည်ဟု ဆိုသည်။
ယင်းနေရာသို့ ရခိုင်ပြည်နယ်ရှိ ကျောက်တော်မြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် မြောက်ဦးမြို့နယ် အပါအဝင် တခြားမြို့နယ်အချို့တို့မှ ဆိုင်ကယ်၊ ကားများဖြင့် တစ်နေ့ တစ်နေ့ လာရောက် ကြည့်ရှုကြသူများပြားနေကြောင်း သိရသည်။
“ကျွန်တော်တို့ ကျောက်တန်းမှာ ဒိုင်းနက်တွေလည်း ရှိတယ်။ အဲဒီမှာ ဒိုင်းနက်ရွာချေဆိုပြီး ခွဲထားတယ်ပေါ့။ အဲဒီမှာ ဖြစ်တာ။ ထွန်းဝေ အိမ်ရဲ့ အိမ်ဘေးက ပိန္နဲပင်မှာ ဖြစ်တာပါ။ ပိန္နဲသီး တစ်လုံးတည်းက ကွဲထွက်နေတာပါ။ သင်္ကြန်အကျနေ့က သေးသေးလေး ထွက်လာတာ။ အခုက အရမ်းကြီးနေပါပြီ။ ငှက်ပျောသီးက မမှည့်သေးပါဘူး။ အစိမ်းပဲ ရှိပါသေးတယ်” ဟု သူက ဆက်ပြောသည်။
ယင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းသာစိန်ကလည်း အဆိုပါ ပိန္နဲသီးမှ ငှက်ပျောသီး အသွင်ပြောင်းလဲဖြစ်ပေါ်ခြင်း ဖြစ်နိုင်ကောင်း သုံးသပ်ပြောဆိုသည်။
ပိန္နဲသီးက အက်ကွဲသွားတယ်။ အဲဒီအထဲက ငှက်ပျောသီးလိုမျိုး ထွက်နေတာပါ။ ကျွန်တော်တော့ သွားမကြည့်ရသေးဘူး။ ပုံထဲမှာတော့ ဒါကို တွေ့ထားပြီးပြီ။ တဖြည်းဖြည်း ကြီးလာတယ်လို့လည်း ပြောကြပါတယ်။ တစ်နည်းအားဖြင့် သစ်ရွက်က လိပ်ပြာဖြစ်ကြတာတွေလည်း ရှိတယ်။ ပြောလို့တော့မရဘူး အဲဒီလို အသွင်ပြောင်းတာလည်း ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ရုက္ခဗေဒဆိုင်ရာတွေနဲ့ပတ်သက်လို့လည်း ပြောင်းလဲမှုတွေ ရှိတယ်လေ။” ဟု နိရဥ္စရာသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ လူမှုကွန်ရက်စာမျက်နှာတွင်လည်း ပျံ့နှံ့လျှက်ရှိသည်။လက်ရှိတွင် ယင်းကျေးရွာသားများက အဆိုပါ ပိန္နဲပင်အောက်၌ တရားပွဲဖြင့် အမွှေးနံ့သာများထွန်းကာ ပူဇော်ထားရှိကြောင်းလည်း သိရသည်။
https://www.facebook.com/narinjara.info/posts/4251460898199288