By Development Media Group (DMG) / 2021 April 5
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာတွင် စစ်ကျန်ဗုံးသီးပေါက်ကွဲမှုကြောင့် မိသားစုတစ်စုတည်းမှ မိခင်ဖြစ်သူနှင့်သားနှစ်ဦးတို့သေဆုံးပြီး နောက်သားတစ်ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့ နေ့လည်ပိုင်းက နေအိမ်ခြံဝင်းအတွင်း အဆိုပါစစ်ကျန်ဗုံးသီးပေါက်ကွဲမှုဖြစ်ပွားကာ ဒေါ်အေးအေးသိန်း (၃၅)နှစ်၊ မောင်ကျော်ဆန်းဝင်း(၂)နှစ်နှင့် မောင်အောင်ကိုလင်း(၅)နှစ်တို့ သေဆုံးခဲ့ပြီး မောင်ဝေယံလင်း (၇)နှစ်မှာ ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့ကြောင်း ရွှေပြည်ကျေးရွာသားများက ဆိုသည်။
ရွှေပြည်ကျေးရွာမှ ရပ်မိ၊ရပ်ဖ ဦးမောင်မဲစိန်က “အဲဒီဗုံးသီးက ဘယ်ကရလာတာလဲဆိုတာ ကျွန်တော်တို့လည်း အတိအကျမသိဘူး။ ပေါက်သံကြားလို့ ကျွန်တော်သွားကြည့်တဲ့အခါ သူတို့အကုန်လုံးက သွေးတွေနဲ့လဲနေ ကြပြီ။ သွေးထွက်ရပ်တန့်မလားလို့ ပတ်တီးတွေစည်းကြတယ်။ ဒါပေမယ့် အငယ်ဆုံးကလေးက အဲဒီနေရာ မှာဘဲ ဆုံးသွားတော့တယ်” ဟု ဆိုသည်။
သေဆုံးသွားသူများထဲမှ မောင်ကျော်ဆန်းဝင်းမှာ အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးခဲ့ပြီး မောင်အောင်ကိုလင်းနှင့် မိခင်ဖြစ်သူ ဒေါ်အေးအေးသိန်းတို့မှာ ဆေးရုံပို့ဆောင်စဉ်နှင့် ဆေးရုံအရောက်တို့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် သေဆုံးသွားသူ သုံးဦး၏ရုပ်အလောင်းကို ကျောက်တော်မြို့ ရင်ခွဲရုံသို့ပို့ဆောင်ထားသည်။ ဒဏ်ရာ ရရှိသွားသည့် မောင်ဝေယံလင်းမှာ ကျောက်တော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိပြီး စိုးရိမ်စရာ အခြေအနေ မရှိတော့ကြောင်း ကူညီပေးနေသူများထံမှ သိရသည်။
ရခိုင်တွင် ၂ နှစ်တာဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလအတွင်း ကျောက်တော်မြို့နယ်တစ်ခုတည်း၌ မိုင်းနှင့် စစ်ကျန် လက်နက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၆ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၁၇ ဦးရှိခဲ့ကြောင်း သိရသည်။
တပ်မတော်မှ ရခိုင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ယခုနှစ် ဖေဖေါ်ဝါရီလအတွင်းမှ စတင် ဆောင်ရွက်လျက်ရှိသော်လည်း တောတောင်များတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ မဆောင်ရွက်နိုင်သေးပေ။ ယင်းကြောင့် တောတောင်များကိုအမှီပြုပြီး လုပ်ကိုင်စားသောက်နေကြသည့် ကျေးလက်နေပြည်သူများမှာ မိုင်းအန္တရာယ်ကို စိုးရိမ်နေကြရသည်။
ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက တပ်မတော်အနေဖြင့် မိုင်းရှင်းလင်းရာတွင် စစ်ရေးပဋိပက္ခဖြစ်ပွားခဲ့သည့် ဧရိယာများကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း အကြံပြုပြောဆိုသည်။
“အခု တပ်ကနေပြီး မိုင်းရှင်းလင်းရေးတွေကိုလုပ်နေတယ်ပေါ့။ ဒီလုပ်ရပ်အပေါ်မှာ အသိမှတ်လည်းပြုတယ်၊ ကြိုဆိုတယ်။ သို့သော် ကျွန်တော်တို့ဖြစ်စေချင်တာက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ နေရာနဲ့ဆက်စပ်တဲ့ ကျေးရွာ ပတ်ဝန်းကျင်တွေကို အဓိကဦးစားပေးရှင်းလင်းရေးလုပ်ဖို့လိုတယ်” ဟု ဦးဦးထွန်းဝင်းကဆိုသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့်အချိန်မှ ယနေ့အချိန်ထိ စစ်ကျန် လက်နက်များနှင့် မြေမြှပ်မိုင်းပေါက်ကွဲမှုတို့ကြောင့် အရပ်သား ၄၂ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ အနည်းဆုံး ၈၁ ဦးထိရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)ထံမှ သိရသည်။
https://www.facebook.com/dmgnewsagency/posts/1983114301840971