By Western News/ 2021 April 4
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွှေပြည်ကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်းတွင် ဧပြီ ၄ ရက် ယနေ့ နေ့လယ် ၃ နာရီကျော် အချိန်ခန့်၌ မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၂ နှစ်သားအရွယ်ကလေးတစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတကူညီရေးအသင်းက Western News ကိုပြောသည်။
အဆိုပါဒဏ်ရာရရှိသွား ၃ ဦးမှာ ဒဏ်ရာကပြင်းထန်သည့်အတွက် ကျောက်တော်မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူနိုင်ရန် ကားဖြင့်သွားရောက်ယူဆောင်နေသည်ဟု ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတကူညီရေးအသင်း ဥက္ကဌ ဦးညီပုကပြောသည်။
“ကလေးတစ်ယောက်ကသေသွားတယ်။ ၃ ယောက်ကဒဏ်ရာရသွားတယ်။ ၃ ယောက်ထဲက ၂ ယောက်ကဒဏ်ရာပြင်းလို့ အခြေအနေဆိုးနေတယ်။ အခုတော့ကျွန်တော်တို့ သူတို့ကို ကားနဲ့သွားယူနေတယ်”ဟု ပြောသည်။
ဒဏ်ရာရရှိသွားသူမှာ မိခင်ဒေါ်အေးအေးသိန်း ခြေထောက်နှစ်ဖက်စလုံးပြတ်ပြီး သူမ၏သားကြီး မောင်ဝေယံလင်း ၇ နှစ် ဘယ်ဖက် ခြေသလုံး ဒဏ်ရာရနှင့် သားလတ်ဖြစ်သူ မောင်အောင်ကိုလင်း ၅ နှစ်ဘယ်ဖက်ခြေထောက်ဒဏ်ရာရရှိကာ သားငယ်ဖြစ်သူ ၂ နှစ်သားအရွယ်ကလေးမှာ ပေါက်ကွဲမှုဖြစ်စဉ်အတွင်းနေရာတွင်သေဆုံးသွားခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်နေအိမ်မှာ ရွှေပြည်ကျေးရွာမှ ဒေါ်အေးအေးသိန်းနေအိမ်ဖြစ်သည်။ ယနေ့ ၃ နာရီကျော်အချိန်ခန့်တွင် ဒေါ်အေးအေးသိန်းမှာ သူမ၏သား ၃ ယောက်နှင့် မိမိနေအိမ်ခြံဝန်းအတွင်းရှိ မြက်ပင်များကိုလင်းရှင်းရာတွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ ခြင်းဖြစ်သည်ဟု ရွှေပြည်ကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးမောင်မဲစိန်က ပြောသည်။
” ဒီနေ့ ၃ နာရီ ၂၀ မိနစ်မှာ မိုင်းပေါက်ကွဲသွားတာ။ အေးအေးသိန်းက သူမရဲ့သား ၃ ယောက်နဲ့ နေအိမ်ခြံစည်းရိုးအနီးမှာ ရှိနေတဲ့ မြက်ပင်တွေကိုရှင်းလင်းနေတာ။ အဲဒီအချိန်မှာ မိုင်းတစ်လုံးကပေါက်ကွဲသွားတာ။ ၂ နှစ်သားကလေးကအဲဒီအချိန်မှာဘဲ သေသွားတယ်။ အေးအေးသိန်းမှာက ခြေထောက်နှစ်ဖက်လုံးပြတ်သွားတယ်။ကျန်တဲ့သားနှစ်ယောက်မှာက ခြေထောက်မှာဒဏ်ရာ ရရှိသွားတယ် “ဟု ပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ၂ နှစ်နီးပါးကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်း မြေမြုပ်မိုင်းနှင့် စစ်လက်နက် ပစ္စည်းများပေါက်ကွဲမှုကြောင့် သေဆုံးသွားရသည့် အရပ်သားများမှာ ၄၁ ဦးရှိပြီး ကိုယ်လက်အဂ်ါဆုံးရှုံးသွားခဲ့ရသူ ၈၁ ဦးအထိရှိ ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး( REC)၏မှတ်တမ်းအရသိရသည်။
https://www.facebook.com/westernnewsagency/posts/264170002056178