ကော်မရှင်နာဖြင့် စစ်ဆေးရန်မေးခွန်းများပို့ထားသော်လည်း စစ်ဆေးချက်မရောက်၍ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှု ရုံးချိန်းထပ်မံရွှေ့ဆိုင်း

By Western News/ 2021 April 23

အကြမ်းဖက် ဥပဒေပုဒ်မများဖြင့် စစ်တွေခရိုင်တရားရုံးတွင် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏ အမှုကို ယနေ့ ဧပြီလ ၂၃ ရက်နေ့တွင် ရုံးထုတ်ခဲ့ရာ တရားလို ပြောင်းရွှေ့သွားသည့်နေရာအား ကော်မရှင်နာဖြင့် စစ်ဆေးရန် မေးခွန်းများပို့ဆောင်ထားသော်လည်း စစ်ဆေးချက်မရောက်၍ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကျောက်ဆိပ်ကျေးရွာသားများအမှုတွင် တရားလိုပြသက်သေ ၉ ဦးရှိသည့်အနက် ၈ ဦးကိုစစ်ဆေးပြီးဖြစ်သော်လည်း ကျန်တစ်ဦးမှာ တာဝန်ဖြင့် ပြောင်းရွှေ့သွားသည့် အတွက် ကော်မရှင်နာဖြင့် စစ်ဆေးရန်မေးခွန်းများပို့ထားခဲ့သည်။ သို့သော်လည်း အဆိုပါ စစ်ဆေးချက်မရောက် သေးသဖြင့် အမှုကိုရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော် ရှေ့နေ ဦးကျော်ညွှန့်မောင် Western News ကိုပြောသည်။

“ကော်မရှင်နာနဲ့ စစ်ဆေးဖို့အတွက် တရားလိုပြသက်သေ ဗိုလ်ကြီးပြောင်းရွှေ့သွားတဲ့နေရာကို မေးခွန်းတွေ ပို့ဆောင်ထားပြီးဖြစ်တယ်။ အဲဒီက စစ်ဆေးချက်မရောက်သေးတဲ့အတွက် အမှုရုံးချိန်းကိုရွှေ့ဆိုင်းလိုက်တယ်။ ကော်မရှင်နာစစ်ဆေးချက်တွေရောက်ရင်တော့ စွဲချက်တင်သင့်၊ မတင်သင့် လျှောက်လဲချက်အမိန့်ချမှာပေါ့။ နောက်တပတ်ရုံးချိန်းကတော့ ဧပြီလ ၂၉ ရက်နေ့ဖြစ်တယ်”ဟု ပြောသည်။

တရားစွဲဆိုခံထားရသူများထဲမှ ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ်နီနီအေးကမှု တရားစွဲဆိုခံထားသည့်သူ၏ သားဖြစ်သူကို အမြန်ဆုံး လွှတ်ပေးစေချင်ကြောင်းနှင့် သားဖြစ်သူတရားစွဲဆိုခံထားရသည့်အတွက် မိသားစုစားဝတ်နေရေးတွင်အခက်အခဲများစွာ ရှိကြောင်း ပြောသည်။

“ကျွန်မတောင်းဆိုချင်တာက ကျွန်မရဲ့သားဟာအပြစ်ရှိတဲ့သူမဟုတ်ဘူး။ ဒါကြောင့်လွှတ်ပေးစေချင်တယ်။ အပြစ်မရှိတဲ့ကျွန်မသားကို ထပ်ပြီးနှိပ်မစက်ဖို့တောင်းဆိုချင်တယ်။ ကျွန်မတို့လည်း ငတ်ပြတ်ပြီးသေတော့မယ်။ အကြွေးတွေလည်း ပတ်လည်ဝိုင်းနေပြီ။ ဒုက္ခတွေအမျိုးမျိုးနဲ့ကြုံတွေ့နေရတယ်”ဟုပြောသည်။

တစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်သည့် ကျောက်ဆိပ်ကျေးရွာသား ၅ ဦး၏အမှုကို ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့ ၅၅၀ တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က)တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သော ၂၀၂၀ ဧပြီလ ၁၃ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးတွေနှင့် ပစ်ခတ်၍ အရပ်သား ၈ သေဆုံးခဲ့ပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ၎င်းပစ်ခတ်မှုသည် ပုဏ္ဏားကျွန်းမြို့ အမှတ်-၅၅၀ တပ်ရင်းက ပစ်ခတ်သော လက်နက်ကြီးဖြစ်ကြောင်း ကျေးရွာသားတွေကပြောဆိုခဲ့ကြသော်လည်း တပ်မတော်က ငြင်းဆိုထားသည်။

ပြီးခဲ့သည်၂၀၂၀ ခုနှစ် မေလ ၁၀ ရက်နေ့ မြန်မာ့တပ်မတော်သားတွေက ကျောက်ဆိပ်ကျေးရွာသား အမျိုးသား ၅ ဦးကို ရိုက်နှက်ထိုးကြိတ်ပြီး ညှဉ်းပန်းနှိပ်စက်နေသော ရုပ်သံဖိုင်ဗီဒီယိုဖိုင်တစ်ခု ဖေ့စ်ဘွတ် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံ့နှံ့ခဲ့သည်။

ဧပြီလ ၁၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ကျေးရွာသား ၃၈ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့မှာ ယင်းလူထဲမှ လူပေါင်း ၃၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၅ ဦးကို ဆက်လက် ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ထိန်းသိမ်းထားပြီး တရားစွဲဆိုခံထားရသူများမှာ ကိုညီညီအောင် ၂၄ နှစ်၊ ကိုအောင်မျိုးလင်း ၂၄ နှစ်၊ ကိုမောင်ချေ ၂၄ နှစ်၊ ကိုမင်းစိုး ၃၈ နှစ်နှင့် မြောက်ဦးမြို့နယ်၊ ဇီးပင်ကြီးကျေးရွာမှ ကိုကျော်ဝင်းဟိန်း ၂၂ နှစ်တို့ဖြစ်ကြသည်။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော် AA နှင့် တပ်မတော်တို့၏ ၂ နှစ်ကျော်တိုက်ပွဲကာလအတွင်း AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရပြီး အကြမ်းဖက်ဥပဒေများဖြင့်တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်ထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြု အဖွဲ့၏ စာရင်းများအရသိရသည်။

https://www.facebook.com/westernnewsagency/posts/276538440819334

Leave a Reply

Your email address will not be published.