By Development Media Group (DMG) / 2021 April 10

နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကုန်းစျေးနှုန်းမြင့်တက်လာနေသော်လည်း ငါး/ပုဇွန်စျေးနှုန်းများမှာ စျေးကောင်းမရသည့်အတွက် ကျောက်ဖြူမြို့နယ်မှ ငါး/ပုဇွန်တပိုင်တနိုင်လုပ်ကိုင်နေသူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။
ယခင်က ရရှိခဲ့သည့် ငါး/ပုဇွန်စျေးနှုန်းများမှာ ရေလုပ်ငန်းကို လုပ်ကိုင်နေသူများအတွက် မိသားစုစားဝတ်နေရေးကို ဖုံလှုံမှုပေးခဲ့သော်လည်း လက်ရှိတွင် ဆီအပါအဝင် ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် ရေလုပ်သားများအနေဖြင့် အခက်အခဲဖြစ်ပေါ်နေကြခြင်းဖြစ်သည်။
“ ပိုက်ထွက်ဖို့ဆိုရင် ဆီတွေ၊ ရေခဲတွေဝယ်သွားရတယ်၊ အလုပ်သမားတွေခေါ်သွားရတယ်။ ကျနော်တို့မှာက အရင်းသွင်းလိုက်ရင် ပိုက်ချလို့ရတာတွေက မနက်ဖြန် ပိုက်ဆံပြန်ဖြစ်ဖို့လိုတယ်။ ဒိုင်မှာ သွင်းလို့ ပိုက်ဆံရရင် နောက်တစ်ရက်ပိုက်ထွက်ဖို့အတွက် လှည့်ပတ်လို့ရတယ်။ အခု ဒိုင်တွေက ဝယ်တော့ဝယ်တယ်၊ ဒါပေမယ့် အရင်က တစ်သောင်းလောက်ရတာကို အခုက ခုနှစ်ထောင်လောက်ပဲရတော့ အဆင်မပြေဘူး။ အဲဒီ စျေးနှုန်းနဲ့ ကျနော်တို့ရဲ့ လုပ်အားခကုန်ကျစရိတ်နဲ့ အဆင်မပြေနိုင်ဘူး” ဟု ကျောက်ဖြူမြို့နယ် ဇင်ချောင်းအုပ်စု ကုန်ဘွေရွာမှ ဆွဲပိုက်လုပ်ငန်းလုပ်ကိုင်နေသည့် ဦးအောင်လင်းက ပြောသည်။
ကုန်ဘွေကျေးရွာတွင် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး အများစုသည် ရေလုပ်ငန်းကို အဓိက မီခို၍ လုပ်ကိုင်စားသောက် နေကြခြင်းဖြစ်သည်။ သို့သော် လက်ရှိတွင် ရေလုပ်ငန်းကို မီခိုပြီးလုပ်ကိုင်စားသောက်ရန် အခက်အခဲ ဖြစ်နေသည့်အတွက် တခြားအလုပ်များကို လုပ်ကိုင်နေရကြောင်း ဒေသခံ ကိုရန်နိုင်စိုးက ဆိုသည်။
“ အလုပ်က မလုပ်ရဘူး။ ရှာလို့ရတဲ့ ငါး/ပုဇွန်တွေကလည်း တန်ဖိုးမရှိဘူး။ အခု ရေလုပ်ငန်းကို မလုပ်တာတောင် မနည်းကြာနေပြီ။ လက်သမားအလုပ် လုပ်လိုက် ဆိုင်ကယ် ကယ်ရီဆွဲလိုက်လုပ်နေရတယ်” ဟု ၎င်းကပြော သည်။
နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ကျောက်ဖြူမြို့နယ်တွင် ငါး/ပုဇွန်စျေးနှုန်းများမှာ ယခင်မှုလစျေးနှုန်းမှ ထက်ဝက်ကျော်ခန့် ကျဆင်းလာနေသည်ဟု ယင်းမြို့နယ်တွင် ငါး/ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသည့် လုပ်ငန်းရှင်များထံမှ သိရသည်။
ယခင်က စျေးနှုန်း ၈ သောင်းကျော်ရှိခဲ့သည့် ကျောက်ပုဇွန် တစ်ပိဿကို လက်ရှိတွင် ၃ သောင်းကျော်၊ ငါးသတိတ်(ကသတိတ်) တစ်ပိဿကို ယခင်က စျေးနှုန်း ၁ သောင်းကျော်ရှိခဲ့သော်လည်း လက်ရှိတွင် ၆ ထောင် ကျော်အထိ ကျဆင်းသွားခြင်းဖြစ်သည်။
အလားတူ ကင်းပုဇွန်တစ်ကောင်ကို ယခင်က စျေးနှုန်း ၂ သောင်းကျော်ရှိခဲ့ပြီး လက်ရှိတွင် စျေးနှုန်း ၈ ထောင် ရှိလာပြီး၊ ဂဏန်း တစ်ပိဿာကိုလည်း ယခင်ကစျေးနှုန်း ၁၇၀၀၀ ခန့်ရှိပြီး လက်ရှိတွင် ၈၀၀၀ ခန့်သာ ရှိတော့သည့်အတွက် မူလစျေးနှုန်းထက် တဝက်ကျော်ခန့်ကျဆင်းသွားခြင်းဖြစ်သည်။
https://www.facebook.com/dmgnewsagency/posts/1986928821459519