AA သို့ ရိက္ခာပို့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ဆန်စက်ပိုင်ရှင်ကို ရုံးထုတ် စစ်ဆေး၊ မတ်လ ၉ ရက်နေ့ ထပ်မံ ရုံးချိန်း

By Western News/ 2021 March 1

ရက္ခိုင့်တပ်တော် AA သို့ ပို့ရန် ဆန်ရိက္ခာများသိုလှောင်ထားသည်ဟု ဆိုကာ တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ် စပါးထားကျေးရွာမှ ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို မတ်လ ၁ ရက်နေ့ ယနေ့တွင် ရုံးထုတ်စစ်ဆေးခဲ့သည်။
ယနေ့ ရုံးထုတ်စစ်ဆေးသည်မှာ ဖမ်းဝရမ်း ရှိ/မရှိအတည်ပြုခြင်းဖြစ်ပြီး အတည်မပြုနိုင်ခဲ့သည့်အတွက် နောက်အပတ် မတ်လ ၉ ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ့ ဦးခိုင်သန့်ဇင်ကပြောသည်။
“ရာထွေအမှုက ရှိနေတော့ ရာကြီးအမှုကိုဆက်သွားလို့မရသေးပါဘူး။ ရာထွေမှာ ဖမ်းဝရမ်းထုတ်ထားပြီးသားပါ။ ဒါပေမယ့် အတည်မဖြစ်သေးလို့ ဒီနေ့မစစ်ဖြစ်ပါဘူး။ နောက်အပတ် ၉ ရက်ကို ထပ်မံရုံးချိန်းထားပါတယ်။ အဲ့ ဒီနေ့မှာတော့ ဝရမ်းအတည်ပြုရေးနဲ့ ရယက ကို ကျွန်တော်တို့စစ်ဆေးသွားမှာပါ”ဟုပြော သည်။
ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအား ဖမ်းဆီးတရားစွဲဆိုခံရပြီးရဲစခန်းမှ ထုတ်ယူလာစဉ်က တစ်ကြိမ်သာတွေ့ခွင့်ရခဲ့ပြီး ထောင်ချုပ် ကျနေစဉ်ကတည်းက တွေ့ခွင့်မရသေးသည့်အတွက် မတ်လတွင် ရုံးထုတ်သည့်အခါ တွေ့ခွင့်ရရန် မျှော်လင့်နေ ကြောင်း သမီးကြီးဖြစ်သူ မစုလှိုင်ဦးကပြောသည်။
“ဒီနေ့ရုံးထုတ်မယ်ဆိုလို့ မနက်ကတည်းက ရောက်နေတာပါ။ ရုံးထုတ်တာက၁၂ နာရီကျော် လောက်က ပါ။ အဖေနဲ့တွေ့ခွင့်ခဏလေးပဲရလိုက်ပါတယ်။ ကျန်းမာရေးအကြောင်းလေးတွမေးဖြစ်ပါတယ်။ အဖေက နေတော့ကောင်းပါတယ်။ တရားရုံးကိုတော့ ကျွန်မတို့ ဝင်ခွင့်မရပါဘူး။ အဖေလည်း ခဏလည်းပဲ တရားရုံးထဲ ဝင်ခဲ့ရပါတယ်။ ဘယ်လို အကြောင်းအရာတွေစစ်ဆေးခဲ့လည်းတော့မသိရသေးပါဘူးရှင့်”ဟုပြောသည်။
ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းအမှုတွင် တရားလိုပြသက်သေများဖြစ်သော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ ဝင်များနှင့် ကျေးရွာသားများ စုစုပေါင်း ၉ ဦးထိရှိပြီး ၎င်းတို့ကိုလည်း တစ်ကြိမ်မျှ ရုံးထုတ်စစ်ဆေးခြင်းမရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂ဝခုနှစ် သြဂုတ်လ ၃၁ ရက်နေ့က တပ်မတော် စစ်ကြောင်းတစ်ခုမှ ဦးရဲကျော်ထွန်း၏ဆန်စက်ကို ဝင် ရောက်ရှာဖွေမှုပြုလုပ်ခဲ့ပြီး ဆန်စက်မှ ဆန်အိတ် ၇၃ အိတ်ကို အေအေသို့ ပို့ဆောင်ရန်သိုလှောင်ထားသည်ဟု ဆိုကာ ဆန်အိတ် ၈၀ ကို သိမ်းဆည်းခဲ့သည်။
ယင်းနောက်ဆန်စက်ပိုင်ရှင် ဦးရဲကျော်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားကာ အကြမ်းဖျက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) ၅၂(က)နှင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ၂၀၂၀ ခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်တွင်လည်း ပုဏ္ဏားကျွန်းမြို့ နယ်၊ စပါးထားကျေးရွာမှ ဦးရဲကျော်ထွန်း၏ ဆန်စက်မှ အေအေသို့ ပို့ဆောင်ရန် သိုလှောင်ထားသည့် ဆန်အိတ် ၈၀ ကို သိမ်းဆည်းရမိကြောင်းထုတ်ပြန်ခဲ့သည်။
ဦးရဲကျော်ထွန်း၏ မိသားစုဝင်များကလည်း အဆိုပါ ဆန်အိတ်များမှာ စစ်တွေရှိ ဆန်ပွဲရုံများသို့ရောင်းချမည့် ဆန်အိတ်များသာဖြစ်ကြောင်း Western News သို့ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည)တို့ဖြင့်တရားရင်ဆိုင်နေ ရသူ ၂၆၉ဦးထိရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ဦး၊ မြောက်ဦးခရိုင်တွင်ရ၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ဦးနှင့် မောင်တောခရိုင်တွင် ၄ဦးထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ စာရင်းအရသိရသည်။
https://www.facebook.com/102405104899336/posts/240560767750435/

Leave a Reply

Your email address will not be published.