By Western News/ 2021 March 6

AA ကို ရိက္ခာပို့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံထားရသည့် စစ်ဘေးရှောင် ၁၂ ဦးမှာ တရားသေလွတ်မြောက်လာသော်လည်း အသက်မပြည့်သေးသည့် ၃ ဦး ဆက်လက် တရားရင်ဆိုင်နေရဆဲဟု အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေကပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် ထွေအုပ်စာရေးအပါအဝင် ချောင်ညောင်းစစ်ဘေးရှောင်စခန်းမှ ၁၅ ဦးမှာ စစ်ဘေးရှောင်စခန်းအတွက် အစိုးရမှထောက်ပံ့ပေးသော ဆန်အိတ်(၁၅၀)ကို မြို့နယ်အုပ်ချုပ်ရေးမှုးရုံးမှထုတ်ယူပြီးပြန်လာစဉ် ကျောက်တော်မြို့နယ်ရှိ စကခ(၉)ဂိတ်ကဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)ဖြင့်တရားစွဲဆိုခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
ကျောက်တော်မြို့နယ်မှ ထွေအုပ်စာရေး ၁ ဦးနှင့် ချောင်ညောင်းစစ်ဘေးရှောင် ၁၁ ဦးတို့မှာ ၎င်းတို့ကိုစွဲဆိုထားသည့် ပုဒ်မနှင့်ငြိစွန်းမှု မရှိ၍ မတ်လ ၅ ရက်နေ့က မြောက်ဦးခရိုင်တရားရုံးမှ ပြန်လွတ်ပေးလိုက်ခြင်းဖြစ်သည်။
ပြန်လွတ်လာသူများမှာ ကျောက်တော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှုးရုံးမှ စာရေးဦးအုန်းနိုင်နှင့် စစ်ဘေးရှောင်ဒုက္ခသည် ၁၁ ဦးမှာ ဦးမင်းစိုးမြင့်၊ ဦးစိုးမိုးဌေး၊ ဦးကျော်ကျော်နိုင်၊ ဦးမောင်မဲတင်၊ ဦးကျော်လှိုင်၊ ကိုမောင်မျိုးကျော်၊ ကိုသန်းဝင်းလှိုင်၊ ကိုထွန်းထွန်းနိုင်၊ ဦးကျော်မိုးလှိုင်၊ ကိုအောင်ဖြိုးသက်၊ ကိုအောင်ကျော်ဆန်းတို့ဖြစ်သည်။
၎င်းတို့အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးအောင်သန်းဝင်းက ” သူတို့ကိုတရားလို၊ တရားခံပြသက်သေတွေကို အကုန်လုံး စစ်ဆေးတဲ့ အခါမှာ သူတို့ကိုစွဲထားတဲ့အကြမ်းဖက်နဲ့မငြိစွမ်းဆိုပြီးတော့ တရားသေလွတ်လိုက်တာ အပြီးသတ်လွတ်လိုက်တာ။ မနေ့ကမြောက်ဦးခရိုင်တရားရုံးကလွတ်လိုက်တာ”ဟု ဖြစ်သည်။
သို့သော် ဖမ်းဆီးခံထားရသူ ၁၅ ဦးထဲမှ အသက်မပြည့်သေးသည့် မောင်မောင်လှဝင်းအသက် (၁၇)နှစ်၊ မောင်ဖြူသီးအသက်(၁၇)နှစ်၊ မောင်လင်းလင်းချေ အသက်(၁၆) နှစ်တို့မှာ အာမခံနှင့်ပြန်လွတ်ပေးလိုက်သော်လည်း ကလေးသူငယ်ဥပဒေဖြင့် ကျောက်တော်မြို့နယ် တရားရုံးမှာဆက်လက်တရားရင်ဆိုင်နေကြရသည်ဟုသိရသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။
https://www.facebook.com/102405104899336/posts/243829460756899/