AA ကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ပြီးဖြစ်၍ အကြမ်းဖက်ဥပဒေဖြင့်တရားစွဲဆိုခံရထားသူများကို လွှတ်ပေးဖို့ မိသားစုဝင်များတောင်းဆို

By Western News/ 2021 March 16

ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်ပြီးပြီဖြစ်၍ အကြမ်းဖက်ဥပဒေများဖြင့် တရားစွဲဆိုခံထားရသူများကို ပြန်လွှတ်ပေးဖို့မိသားစုဝင်များကတောင်းဆိုနေကြသည်။
၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်အဖြစ် ကြေညာခံထားရသော ULA/ AA ရက္ခိုင့်တပ်တော်ကို ကြေညာထားသောအကြမ်းဖက်အဖွဲ့အဖြစ်က ပယ်ဖျက်လိုက် ခြင်းဖြစ်သည်။
ယခုကဲ့သို့ ရက္ခိုင့်တပ်တော်ကိုအကြမ်းဖက်အဖွဲ့ကပယ်ဖျက်လိုက်သည့်အတွက် အကြမ်းဖက်ပုဒ်မဖြင့် တရားစွဲဆိုခံထားရ သူများ အပေါ်စွဲဆိုထားသည့်အမှုများကို ရဲတပ်ဖွဲ့ကပြန်လည်ရုတ်သိမ်းပေးရမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ များကပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် မတ်လ ၁၀ ရက်နေ့က တပ်မတော် ရေတပ်သင်္ဘောပေါ်တွင် ညှင်းပန်းနှိပ်စက်ခံရပြီးနောက် အကြမ်းဖက် ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွှာမှ ကိုမျိုးလင်းဦး(၂၄ နှစ်)၊ ကိုညီညီအောင်(၂၄ နှစ်)၊ မောင်ချေ(၂၇ နှစ်)၊ ကျော်ဝင်းဟိန်း(၂၂ နှစ်) နှင့် မျိုးမင်းအောင်(၂၆ နှစ်) တို့မှာ ဖမ်းဆီးခံထားရသည်မှာ ၁ နှစ်ကျော်ခန့် ကြာမြင့်နေပြီဖြစ်သည်။
လက်ရှိတွင် ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှပယ်ဖျက်ပြီးပြီဖြစ်၍ သူမသားအပါအဝင် အကြမ်းဖက်ဥပဒေများဖြင့် တရားစွဲဆိုခံထားရသူများအားလုံးကိုလွှတ်ပေးရန်တောင်းဆိုကြောင်း ကိုညီညီအောင်၏ မိခင်ဖြစ်သူ ဒေါ် နီနီအေးက ကပြောဆိုသည်။
“AA ကိုအကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းလိုက်တယ်လို့ကြေညာထားတာရှိတယ်။ အဲဒီလို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းတယ်ဆိုရင် အကြမ်းဖက်နဲ့မတရားစွပ်စွဲပြီး တရားစွဲဆိုထားတဲ့ ကျွန်မသားလေးကို လွှတ်ပေးစေချင်တယ်။ ကျွန်မသားက သူတို့စွပ်စွဲသလို ဘာ AA မှလည်းမဟုတ်ဘူး။ ရွာက ဆန်စက်မှာ တစ်နေ့ကုန် ဆန်အိတ်ထမ်း လုပ်ကိုင်စားသောက်နေတာ။ ကျွန်မသား အပါအဝင် အကြမ်းဖက်ဥ‌ဒေနဲ့အစွဲခံထားရသူအားလုံးကို ပြန်လွတ်ပေးဖို့ေ တာင်းဆိုချင်ပါတယ်” ဟုပြောဆိုသည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၂ ရက်နေ့က တပ်မတော်က ဖမ်းဆီးခေါ်ဆောင်သွားပြီး အကြမ်းဖက်ဥပဒေနှင့် တရားစွဲဆိုခံထားရသော ပုဏ္ဏားကျွန်းမြို့နယ်၊ သာစည်ကျေးရွှာသား ၅ ဦးထဲမှ ၁ တစ်ဦးဖြစ်သည့် ကိုတင်ဖေ၏ ဦးလေးဖြစ်သူ ဦးအေးထွန်းသိန်းကလည်း “ကျွန်တော်တို့မှာက ဖမ်းကတည်းက သံသယနဲ့ ဖမ်းခေါ်သွားတာ။ သူတို့မှာလည်း သက်သေမရှိတာထင်ရှားနေတာပဲ။ တရားရုံးမှာလည်း ပြစ်မှုထင်ရှားရာမမြောက်ဘူး။ အဲ့ဒါကြောင့် အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ကလေးတွေကို အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်” ဟုပြောဆိုသည်။
ရက္ခိုင့်တပ်တော် AA အား အကြမ်းဖက်အဖွဲ့အဖြစ်မှ ပယ်ဖျက်လျှင် အကြမ်းဖက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားရသူများ၏ အမှုကိုပြန်လည်ရုပ်သိမ်းပေးသင့်သည်ဟု တရားလွှတ်တော် ရှေ့နေဦးကျော်ညွန့်မောင်ကေ ထာက်ပြပြောဆိုသည်။
“အကြမ်းဖက်အဖွဲ့အဖြစ်ကနေပယ်ဖျက်တယ်ဆိုရင် အဲဒီအကြမ်းဖက်နဲ့စွဲထားတဲ့အမှုတွေကို ပြန်လည်ရုပ်သိမ်းပေး သင့်တယ်။ ဥပဒေကြောင်းအရလည်း အဲဒီအမှုတွေကို ပိတ်လို့မရတောင်မှ ရုပ်သိမ်းလို့ရတယ်” ဟုပြောဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ထိ AA နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများမှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင်ဆိုင်နေရသူ လူပေါင်း ၆၀၀ ဝန်းကျင်လောက်ရှိကြောင်း တရားလွှတ်‌တော်ရှေ့နေ ဦးအောင်ကျော်စိန်ကပြောသည်။

https://www.facebook.com/102405104899336/posts/251230353350143/

Leave a Reply

Your email address will not be published.