၂ နှစ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ရခိုင်တွင် သေဆုံးသူ ၃၄၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၇၆၀ ကျော်အထိရှိခဲ့

By Western News/ 2021 March 5

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလမှစတင်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် အရပ်သားသေဆုံးသူ ၃၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆၉ ဦးအထိရှိသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ မှတ်တမ်းများအရသိရသည်။
ယခုသေဆုံးမှုစာရင်းသည် ပြီးခဲ့သည် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှ စတင်၍ ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်အထိ ၂ နှစ်တာကာလအတွင်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် အရပ်သားများ သေဆုံးစာရင်းဖြစ်သည်။
အဆိုပါသေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသူများမှာ နှစ်ဖက်တိုက်ပွဲအတွင်းအသုံးပြုခဲ့သည့် မြေမြုပ်မိုင်းပေါက်ကွဲခြင်း၊ စစ်ကျန်လက်နက် ပေါက်ကွဲခြင်း၊ ကျေးရွာအတွင်းသို့လက်နက်ကြီးများကျရောက်ပေါက်ကွဲခြင်းနှင့် သံသယဖြင့်ဖမ်းဆီးစစ်ဆေးစဉ် အတွင်းသေဆုံးသူများ ဖြစ်သည်ဟုသိရသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး (REC)၏ အထွေအထွေအတွင်းရေး ဦးဇော်ဇော်ထွန်းက ” သေဆုံးသွားသူက ၃၄၃ ယောက်၊ ဒဏ်ရာရရှိသွားတဲ့သူက ၇၆၉ ယောက်ရှိတယ်။ ဒါတွေကတိုက်ပွဲနဲ့ပတ်သက်လို့သေဆုံးဒဏ်ရာရသွားတဲ့စာရင်းဖြစ်တယ်”ဟု ပြောသည်။
အရပ်သားအစိုးရ (NLD) အနေဖြင့်သေဆုံးသွားသူများနှင့် ဒဏ်ရာရရှိသွားသူများ၏ မိသားစုများကို ငွေကြေးဆိုင်ရာ ကူညီထောက်ပံ့ပေးမှုအနည်းငယ်သာရှိခဲ့သည်ဟု ဝံလက်ဖောင်ဒေရှင်း၏ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။
“အစိုးရကနေပြီးတော့ သေဆုံးဒဏ်ရာရရှိသူတွေနဲ့ပတ်သက်လို့မိသားစုတွေကို ထောက်ပံ့ပေးတာကမရှိသလောက်ပဲ။ အနည်းစုတော့ရှိခဲ့တယ်။ တစ်သိန်းနှစ်သိန်းပေါ့၊ ရာခိုင်နှုန်းနဲ့ပြောရရင်တော့ ၁၀၀ မှာ ၁ တစ်ယောက်ပဲရှိတယ် “ဟု ပြောသည်။
နှစ်ဖက်တိုက်ပွဲအတွင်း သေဆုံးသူများကိုတစ်ဦးလျှင် ငွေကျပ် ၃ သိန်းကျပ်ဖြင့် ၁၃၂ ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူတစ်ဦးလျှင် ငွေကျပ် ၅ သောင်းကျပ်ဖြင့် ၃၂၈ ဦးကိုလည်းကောင်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှုးမှ တစ်ဆင့် တင်ပြချက်အရ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့ပေးခဲ့သည်ဟု ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ရခိုင်ပြည်နယ်လွှတ်တော်အစညျးအ‌ဝေးတွင် ဗိုလ်မှူးကြီး မင်းသန့် ကပြောဆိုခဲ့သည်။
ယင်းအပြင် တပ်မတော်မှ AA နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူမှာ ၂၆၉ ဦးရှိသည်။ ၎င်းတို့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ ဖြင့် စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး အသီးသီး တရားရင်ဆိုင်နေကြရသည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏ မှတ်တမ်းများအရသိရသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့်အတွက် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ကျောက်တော်၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ပုဏ္ဏားကျွန်း၊နှင့် စစ်တွေမြို့နယ်တို့၌ စုစုပေါင်းစစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအများအစည်းအရုံး REC ၏စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/243177547488757/

Leave a Reply

Your email address will not be published.