ဦးဇေယျာကျော် အပါဝင် ၄ ဦးအမှုအား ရုံးထုတ်ခဲ့သော်လည်း အစည်းအဝေးရှိသည်ဟုဆိုကာ မစစ်ဖြစ်

By Western News/ 2021 March 3

အကြမ်းဖက်ဥပဒေဖြင့်တရားစွဲဆိုခံထားရသည့် ဦးဇေယျာကျော် အပါအဝင် ၄ ဦးအမှုကို ယ နေ့မတ်လ ၃ ရက်တွင်ရုံးထုတ်စစ်ဆေးခဲ့သော်လည်း တရားသူကြီးမှအစည်းအဝေးရှိသည်ဟုဆိုကာ ၄ ဦးစလုံးအားမစစ်ဆေးခဲ့ကြောင်းသိရသည်။
ယနေ့ ရုံးထုတ်ရာတွင် ဦးဝေသောင်းနှင့် ကိုမိုင်ကယ်တို့ကို ပြီးဆုံးအောင်စစ်ဆေးခဲ့သော်လည်း ဦးဇေယျကျော်ကို တဝက်သာစစ်ဆေးခဲ့ပြီး ဦးစန်းငွေ ကိုလုံးဝစစ်ဆေးခဲ့ခြင်းမရှိကြောင်းအမှုကိုလိုက်ပါဆောင်ရွက်ပးနေသည့် ရှေ့နေဒေါ်သိင်္ဂီမောင်က Western News ကိုပြောသည်။
“ဒီနေ့မှာကျတော့ ဦးဝေသောင်းနဲ့ကိုမိုင်ကယ်တို့ကို ပြီးဆုံးအောင်စစ်ဆေးတယ်။ ကိုဇေယျကျော်ကိုကျတော့ တဝက်ပဲစစ်လိုက်တယ်။ ဘာလို့လဲဆိုတော့ တရားရုံးမှာအစည်းအဝေးရှိတယ်ဆိုပြီးပြောတယ်။ ၄ ယောက်မှာ ၂ ယောက်နဲ့တဝက်ပဲ စစ်ရသေးတယ်ဆိုတော့ ၁ ယောက်နဲ့တဝက်ကျန်သေးတာပေါ့”ဟု ဒေါ်သိင်္ဂီမောင်က ပြောသည်။
ယင်းအပြင် သူတို့ ၄ ယောက်အမှုရုံးချိန်းအား မတ်လ ၁၁ သို့ထပ်မံချိန်းဆိုလိုက်ကြောင်းလည်း
ဒေါ်သိင်္ဂီမောင်ကပြောသည်။
အကြမ်းဖက်အမှုဖြင့်းတရားစွဲဆိုခံထားရသည့်တောင်ကုတ်မြို့နယ်၊ စည်ပင်သာယာရေးကော်တီ ဥက္ကဌ ဦးဇေယျကျော်အပါဝင် ၄ ဦး၏အမှုကို တရားလိုနှင့် တရားလိုပြသက်သေများ၏ ထွက်ဆိုချက်အရ ၎င်းတို့ ၄ ဦးအားတရားစွဲဆို ထားသောအကြမ်းဖက်ဥပဒေ ၅၂(က)နှင့်ငြိစွမ်းချက်များရှိသည်ဟု တရားသူကြီးကထင်မြင်သုံးသပ်သည့်အတွက် ဖေဖော်ဝါရီ ၂၆ ရက်နေ့ရုံးချိန်တွင် အမှုကိုစွဲချက်တင်ခဲ့ခြင်းလည်းဖြစ်သည်။
တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ(ANP) ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် လူမှုရေးလုပ်ငန်း များလုပ်ဆောင်သူတစ်ဦးဖြစ် ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂(ခ)ဖြင့် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့မှာ တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့ အစည်း၊ ရခိုင်ပြည်နယ်လုံး ဆိုင်ရာဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ဗဟို သတင်းဌာန စသည့် လူမှုကွန်ရက် အကောင့်များဖြင့် မဟုတ်မမှန် သတင်းများ အဆက်မပြတ်တင်ပြနေသည့်ဟုဆိုကာ ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက အသီးသီးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။

https://www.facebook.com/102405104899336/posts/241836480956197/

Leave a Reply

Your email address will not be published.