By Western News/ 2021 March 30

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် စွဲချက်တင်ခံထားရသည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌအပါအဝင်လေးဦး၏ အမှုကို မတ်လ ၃၀ ရက်ယနေ့ ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည် ဖြစ်သော်လည်းအမိန့်မချဘဲ ရွှေ့ဆိုင်းလိုက်သည်။
ယနေ့ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမည်ဟု ရုံးချိန်းဆိုထားသော်လည်းတရားရုံးမှ ၎င်းတို့အမှုနှင့်ပတ်သတ်၍ အပြီးသတ်အမိန့်ချရန် အဆင်သင့်မဖြစ်သေးဟုဆိုကာ လာမည့် ဧပြီ ၁၂ ရက်နေ့ကို အပြီးသတ်အမိန့်ချရန်ထပ် မံရွှေ့ဆိုင်းလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဒေါ်သိင်္ဂီမောင်က Western News သို့ ပြောသည်။
“ဒီနေ့အပြီးသတ်အမိန့်ချမယ်ဆိုလို့ ရုံးချိန်းထားတာပါ။ ဒါပေမယ့် တရားရုံးက သူတို့အမှုကို အပြီးသတ်အမိန့်ချဖို့ အဆင်သင့် မဖြစ်သေးတဲ့အတွက် ဧပြီလ ၁၂ ရက်နေ့ကို အပြီးသတ်အမိန့်ချဖို့ ထပ်မံရွှေဆိုင်းလိုက်ပါတယ်”ဟုပြောသည်။
ဦးဇေယျာကျော်အပါအဝင် ၄ ဦးအမှုကို တောင်ကုတ်မြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခြင်းဖြစ်ပြီး ယင်းအမှုတွင် တရားလိုပြသက်သေ ၁၃ ဦးရှိကာ ပြီးခဲ့သည့်ရုံးချိန်းများတွင် စစ်ဆေးပြီးနိုင်ခဲ့ခြင်းဖြစ်ကြောင်းရှေ့နေ့ ဒေါ်သိင်္ဂီမောင်က ပြောသည်။
ဖမ်းဆီးတရာစွဲခံရသူများတွင်တစ်စုံတစ်ရာ အပြစ်မရှိသည့်အတွက်တရားသေလွတ်မြောက်လာမည်ဟု မျှော်လင့်ထားသော်လည်း အမိန့်ချနေ့တွင်အမိန့်ချဘဲ ထပ်မံရွှေ့ဆိုင်းလိုက်သည့်အတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်း ဦးဇေယျကျော်၏ ဇနီးဖြစ်သူ ဒေါ်ဟန်စုကပြောသည်။
တောင်ကုတ်မြို့နယ်၊ ရခိုင်အမျိုးသားပါတီ(ANP) ဒု-ဥက္ကဋ္ဌ ဦးဝေသောင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေယျကျော်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌဟောင်း ဦးစန်းငွေနှင့် ဦးစည်သူကျော်ဇံ (ခ) ကိုမိုင်ကယ်တို့ကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၂ (ခ)ဖြင့် စစ်တွေမြို့ သတင်းရဲတပ်ဖွဲ့မှ ရဲမှူးဇော်မြင့်ထွန်းက တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲ ဆိုခဲ့ခြင်းဖြစ်သည်။
ယင်းအထဲမှ ဦးဇေယျကျော်နှင့် ဦးစန်းငွေတို့မှာ တောင်ကုတ်မြို့ နယ်လုံးဆိုင်ရာ အမျိုးသားလုံခြုံရေးအဖွဲ့အစည်း၊ ရခိုင်ပြည်နယ်လုံး ဆိုင်ရာ ဗဟိုသတင်း၊ တောင်ကုတ်ဟစ်တိုင်၊ တောင်ကုတ်မြို့ဗဟို သတင်းဌာနစသည့် လူမှုကွန်ရက် အကောင့်များဖြင့် မဟုတ်မမှန် သတင်းများ အဆက်မပြတ်တင်ပြနေသည့်ဟုဆိုကာ ၂၀၂၀ ခုနှစ်၊ ဧပြီလကတည်းက အသီးသီးဖမ်းဆီးခံခဲ့ရပြီး ရုံးတင်စစ်ဆေးနေ သည်မှာ ယခုဆိုလျင် ၁၀ လကျော်ကြာမြင့်နေပြီဖြစ်သည်။
ရခိုင်ပြည်နယ်တွင် လက်ရှိအချိန်ကထိ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ဖြင့်တရားရင် ဆိုင်နေရသူ ၂၆၉ ဦးရှိပြီး၊ ၎င်းတို့မှာ စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၁၃ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး ထိရှိကြောင်း သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့၏ စာရင်းအရ သိရသည်။
https://www.facebook.com/102405104899336/posts/260889879050857/