By Western News/ 2021 March 26

ရခိုင်ပြည်နယ်ရှိ ဆေးရုံများ၌ ဆေးကုသမှုခံယူလျက်ရှိသည့်လူနာများအတွက် အရေးပေါ်အောက်ဆီဂျင် လိုအပ်ချက်များကို အချိန်မီကူညီပေးနိုင်ရန် ကိုယ်ထူကိုယ်ထအောက်ဆီဂျင်စက်ရုံ တည်ဆောက်နေသည်။
ယင်းစက်ရုံသည် မြောက်ဦးမြို့ရှိ ထမ္မရာဇ် ရပ်ကွက် ခရိုင်ပြည်သူ့ဆေးရုံးဘေးချင်ကပ်လျှက် စစ်တွေ- ရန်ကုန်ကားလမ်းမနားဘေးတွင် တည်ဆောက်နေခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးမှုရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီးဖြစ်သည်။
အဆိုပါစက်ရုံကို မြောက်ဦးမြို့မှ နန်းရိပ်ကရုဏာအောက်ဆီဂျင်ကူညီရေးအသင်းက ဦးဆောင်၍ မတ်လ ၇ ရက်နေ့မှစတင်ကာ ဆောက်လုပ်နေခြင်းဖြစ်ပြီးကုန်ကျငွေ ငွေကျပ်သိန်း ၄၀၀ ခန့်ကုန်သွားပြီးဖြစ်ကြောင်းယင်းအသင်းမှ ဥက္ကဌ ဦးမောင်ဝင်းရွှေက Western News ကိုပြောသည်။
“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာက အောက်ဆီဂျင်ဓာတ်ငွေ့မထုတ်လုပ်နိုင်တဲ့အတွက် ဓာတ်ငွေ့ဖိုးက နည်းပြီးတော့ သယ်ယူပို့ ဆောင်စရိတ်ကများနေတယ်။ ဓာတ်ငွေ့တန်ဖိုးက တစ်လုံးကို ၇၀၀၀ ရှိတယ်။ ဓာတ်ငွေ့ကိုသယ်တဲ့အခါလမ်းစရိတ်က ၁၅၀၀၀ ပေးရတယ်။ ကျွန်တော်တို့ကလမ်းစရိတ်ကိုလျော့ချဖို့အတွက် စက်ရုံတစ်ရုံတည်ဆောက်ရတာ။ အဓိကတော့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ဆေးရုံတွေကို အောက်ဆီဂျင်ဓာတ်ငွေ့ကူညီပေးနိုင်ရန်အတွက် တည်ဆောက်ရတာဖြစ်တယ်။ စက်ရုံကရှေ့လဆိုရင်ပြီးစီးတော့မယ် “ဟု ပြောသည်။
ယင်းအပြင် စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျင်အောက်ဆီဂျင်ဘူးအလုံးအရေအတွက် ၄၀ ခန့်ထုတ်ပေးသွားမှာဖြစ်ပြီး အောက်ဆီဂျင်တစ်လုံးကိုငွေကျပ် ၅၀၀၀ သာ ကောက်ခံသွားမည်ဖြစ်ကာ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ ပုဏ္ဏားကျွန်း စသည်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဆေးရုံများသို့ ပေးပို့သွားမည်ဖြစ်သည်ဟု သိရသည်။
ယခင်ကရခိုင်ပြည်နယ်တွင်စက်ရုံမရှိ၍ အောက်ဆီဂျင်ဘူးများကို ရန်ကုန်၊ မန္တလေးတို့ကမှာယူခဲ့ရသည့်အတွက် သယ်ယူစရိတ်အခက် အခဲများ၊ အောက်ဆီဂျင်ဘူးများအချိန်မီမရောက်နိုင်သည့်အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်ဟု ဦးမောင်ဝင်းရွှေကပြောသည်။
ယင်းအပြင် ရခိုင်ပြည်နယ်ရှိဆေးရုံများ၌အောက်ဆီဂျင်ဘူးများလိုအပ်လျင် ပြည်မဖက်တို့ကမှာယူနေရသဖြင့် မကြာခဏ ပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပြီး ယခုလိုစက်ရုံရှိလာမည်ဆိုလျင် အရေးပေါ်လူနာများအတွက် ပိုမိုအဆင်ပြေသွားနိုင်သည်ဟု ကရုဏာလှိုင်းသွေးအလှုရှင်များအသင်းမြောက်ဦးမှ ဥက္ကဌ ဦးအောင်သန်းထွန်းကပြောသည်။
https://www.facebook.com/102405104899336/posts/257661156040396/