By Western News/ March 30

ရခိုင်ပြည်နယ် အမ်းမြို့တွင်ရှိသော လေယာဉ်ကွင်းမှ လေယာဉ်အတက်အဆင်း အချက်ပြမီးလုံး ၂၅ လုံးမှာ မတ်လ ၂၁ ရက်နေ့ ညနေပိုင်းအချိန်ခန့်က ဖျက်ဆီးခံလိုက်ရသည်ဟု လေဆိပ်တာဝန်ရှိသူက Western News သို့ပြောသည်။
အဆိုပါမီးလုံး ၂၅ လုံးကိုမည်သူများကရိုက်ခွဲဖျက်ဆီးသွားသည်ကိုမသိရှိရသေးသော်လည်း ရိုက်ခွဲဖျက်ဆီးခဲ့သူများကို ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ဥပဒေပုဒ်မ ၆၁ ဖြင့် အမ်းမြို့မရဲစခန်းတွင် လေဆိပ်တာဝန်ခံ ဦးသန်းရွှေမောင်က အမှုဖွင့်ထားသည်ဟု ကာယကံရှင်က Western News ကိုပြောဆိုသည်။
“အချက်ပြမီးတွေ ဖျက်စီးခံရတာတော့ မှန်တယ်။ အားလုံး ၂၅ လုံးဖျက်ဆီးခံရတယ်။ တန်ဖိုးက ကျပ်သိန်း ၅၀ ခန့်ရှိပါတယ်။ လုံခြုံရေး တပ်ဖွဲ့ဝင်တွေလုပ်တာလား အရပ်သားလုပ်တာလားဆိုတာတော့ သေချာမသိရသေးဘူး။ စုံစမ်းစစ်ဆေးနေတုန်ပဲရှိသေးတယ်။ ကျွန်တော်တို့က လောလောဆယ်တော့ တရားမစွဲရသေးဘူး။ ရဲစခန်းမှာ အမှုဖွင့်ထားတာပဲရှိသေးတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်စီးမှုနဲ့ အမှုဖွင့်ထားတာပါ” ဟုပြောဆိုသည်။
လေယာဉ်အချက်ပြမီးလုံးများဖျက်ဆီးခံရမှုနှင့်ပတ်သက်၍ နယ်ထိန်းရဲ၊ အမှုစစ်ရဲ နှင့် တာဝန်ရှိသူများမှ စုံးစမ်းစစ်ဆေးမှုများ လုပ်နေဆဲဖြစ်၍ မည်သူက ရိုက်ခွဲဖျက်ဆီးသည်ဆိုသည်ကို မသိရှိရသေးကြောင်း အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
“အမှုဖွင့်ထားတာတော့ ဟုတ်တယ်။ လောလောဆယ် နယ်ထိန်းတို့၊ အမှုစစ်တို့နဲ့ပေါင်းပြီးတော့ စုံစမ်းစစ်ဆေးနေတုန်းပဲရှိသေးတယ်။ တရားခံကဘယ်သူရယ်လို့တော့ မသိရသေးဘူး” ဟုပြောဆိုသည်။
ယင်းဖြစ်စဉ်တွေကြောင့် အမ်းကနေ စစ်တွေကိုလိုက်ပါမည့် ခရီးသည်တစ်ချို့ ခရီးစဉ်ကိုဖျက်သိမ်းတာမျိုးလည်းရှိကြောင်းအမ်းကနေ စစ်တွေလိုက်ပါမည့် ခရီးသည်တစ်ဦးဖြစ်သူ ကိုမျိုးလွင်ကပြောသည်။
“ကျနော်တို့မနေ့ကဆိုရင် စစ်တွေကိုသွားမယ့်ခရီးစဉ်ကိုဖျက်လိုက်ရတယ်။ ကွင်းချိန်းက ၁၀ နာရီခွဲချိန်းထားတာဖြစ်ပါတယ်။ ၂ နာရီ ကျော်တဲ့အထိ လေယာဉ်ကဆင်းမလာတော့ဘူး။ မြူနှင်းတွေက နည်းနည်းကျနေတယ်။ အချက်ပြမီးသီးတွေကလည်း ပျက်နေတယ်။ မကွေးကိုလေယာဉ်ကရောက်နေတာက ၁၀ နာရီကျော်ကတည်းကရောက်နေတာ။ အဲ့ဒီကနေ ၁၅ မိနစ်လောက်ပဲ လာရတယ်။ လေယာဉ် ၃ နာရီလောက်မှာပဲ အမ်းလေဆိပ်ကျတယ်”ဟုပြောသည်။
လက်ရှိတွင် ဖျက်စီးသွားသည့် လေယာဉ်အချက်ပြမီးလုံးများနေရာတွင် နောက်ထပ်မီးလုံးများကို ပြန်လည်အစားထိုးတပ်ဆင်ပြီး ဖြစ်သဖြင့် လေယာဉ်အတက်အဆင်းလုပ်ရာ၌ အခက်အခဲတစ်စုံတစ်ရာမရှိတော့ကြောင်း ဦးသန်းရွှေကပြောဆိုသည်။
https://www.facebook.com/102405104899336/posts/260844165722095/