အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန် မသေချာသေး၍ ပုဂ္ဂလိကကျောင်းများ ကြိုတင်ပြင်ထားမှုမရှိသေး

By Development Media Group (DMG) / 2021 March 19

၂၀၂၀ – ၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနမှ တရားဝင်ကြေညာထားခြင်းမရှိသေး၍ ရခိုင်မှ ပုဂ္ဂလိက ကိုယ်ပိုင်အထက်တန်းကျောင်းများ ကြိုတင်ပြင်ဆင်ထားမှု မရှိသေးကြောင်း ကိုယ်ပိုင်ကျောင်းဆရာများအသင်းမှ သိရသည်။

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများကို ဖွင့်လှစ်ရန် မေလတွင် ပုံမှန်ကြိုတင်ပြင်ဆင်လျက်ရှိသော်လည်း ကျောင်းဖွင့်ရန် တရားဝင်ကြေငြာထားခြင်းမရှိသေးသဖြင့် ကျောင်းသားမိဘများမှ ကလေးများ၏ ပညာရေးနှင့်ပတ်သက်ပြီး စိတ်ဝင်စားမှု မရှိကြသေးကြောင်း ပန်းပျိုးလက်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးအောင်ကျော်ညွှန့်က ပြောသည်။

“ အစိုးရကိုယ်တိုင်က တရားဝင်မဖွင့်သေးတော့ မိဘတွေကလည်း ငွေကြေးကြပ်တည်းတဲ့ကြားထဲက ဘယ်ခါစစ်ရမယ်မှန်းမသိတဲ့ ပညာရေးကို စိတ်မဝင်စားကြဘူး ” ဟု ပြောသည်။

အခြေခံပညာ စာသင်ကျောင်းများကို ပုံမှန်အားဖြင့်ဆိုလျှင် ဇွန်လတွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ကျောင်းများပိတ်လိုက်ရသဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့် ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

ကျူရှင်ဆရာ ဦးသိန်းဝင်းက “ အစိုးရက တရားဝင်ခွင့်ပြုချက် မရတဲ့အတွက် ဖွင့်လို့မရသေးဘူး။ လာမယ့် ပညာသင်နှစ်မှာ အေးအေးချမ်းချမ်းနဲ့ ဖွင့်ခွင့်ရမယ်ဆိုရင် ဖွင့်ဖို့အတွက် အဆင်သင့်လုပ်ထားရမယ်။ ကုန်ခဲ့တဲ့နှစ်က တစ်ပိုင်တစ်နိုင် အဆောက်အဦးတွေ ငှားရမ်းလို့လုပ်ထားတဲ့ လူတွေက ကျောင်းမဖွင့်လိုက်ရတဲ့အတွက် ငွေကြေးဆုံးရှုံးနစ်နာကြတယ်။ လာမယ့် ပညာသင်နှစ် ဖွင့်၊ မဖွင့်ဆိုတာကို သိရမယ်ဆိုရင် ပုဂ္ဂလိက ပညာရေးဖက်က လုပ်နေတဲ့သူတွေက ကြိုတင်ပြင်ဆင်ထားလို့ရတယ် ” ဟု ပြောသည်။

ယခုမတ်လကုန်လျှင် ပညာသင်နှစ် တစ်နှစ်ကုန်သွားပြီဖြစ်သော်လည်း လာမည့် ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက ပြောသည်။“ကျောင်းဖွင့်ဖို့ကိစ္စက ကျနော်တို့ပြောလို့မရသေးဘူး။ ဝန်ကြီးဌာနက ပြောရမှာ တစ်စုံတစ်ရာ အကြောင်းကြားလာတာလည်း မရှိသေးဘူး။ ကျနော်တို့မှာ ထ၊ လယ်ကျောင်း၊ မူ ကျောင်းတွေက ဆရာ/ဆရာမတွေကို သင်တန်းတွေ လုပ်နေတယ်။ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားလာမှ ဖွင့်နိုင်မှာဖြစ်ပါတယ်” ဟု ဦးတင်သိန်းက ပြောသည်။

ရခိုင်ပြည်နယ်မှ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကြိုတင်ပြင်ဆင်ထားရန် ပြီးခဲ့သည့် ၂၀၂၁ ဇန်နဝါရီလအတွင်းက ညွှန်ကြားထားခဲ့သော်လည်း လက်ရှိနိုင်ငံရေးအခြေအနေများကြောင့် မည့်သည့်အချိန်၌ ကျောင်းပြန်ဖွင့်မည်ကို ညွှန်ကြားထားခြင်းမရှိသေးပေ။

မြန်မာနိုင်ငံမှ ကျောင်းများအားလုံးကို ပြီးခဲ့သည့် ၂၀၂၀ ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၂၇ ရက်နေ့အထိ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ခဲ့သော်လည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ပြည်တွင်းကူးစက်မှု မြင့်မားလာသဖြင့် ပြန်လည်ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/dmgnewsagency/posts/1969738859845182

Leave a Reply

Your email address will not be published.