အကြမ်းဖက်ဥပဒေများဖြင့် တစ်နှစ်ကျော်ကြာတရားရင်ဆိုင်ခဲ့ရသည့် မြေပုံမြို့နယ်မှ ဒေသခံ ၆ ဦးတရားသေ လွတ်မြောက်

By Western News/ 2021 March 10

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မှ နှစ်ခုဖြင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်တရားရုံးတွင် တစ်နှစ်ကျော် ကြာတရားရင်ဆိုင်ခဲ့ရသည့် မြေပုံမြို့နယ်မှ ဒေသခံ ၆ ဦးသည့် မတ်လ ၁၀ ရက်နေ့ညနေ အချိန်က တရားသေလွတ် မြောက်လာခဲ့သည်။လွတ်မြောက်လာသူများမှာ မြေပုံမြို့နယ်၊ ရွာသာယာကျေးရွာမှ ဦးမောင်သန်းမြင့် အသက် ၄၁ နှစ်၊ ဦးတင်မြင့် အသက် ၄၈ နှစ်၊ ဦးခင်မောင်လေး အသက် ၅၀ နှစ်၊ ဦးမောင်တင်မြင့် ၄၆ နှစ်၊ ဦးတင်မောင်ညွန့် အသက် ၄၀ နှစ်နှင့် မြေပုံမြို့နယ်၊ မြတဲတောင်ကျေးရွာမှ ဦးတင်‌ရွှေသန်း အသက် ၂၈ နှစ်တို့ဖြစ်သည်။အမှုကိုလိုက်ပါဆောင်ရွက်ပေးခဲ့သည့် ကျောက်ဖြူခရိုင်သဇင်ဥပဒေပြုအထောက်အကူအဖွဲ့မှ တရားလွှတ်တော် ရှေ့နေ ဦးတင်လှှိုင်ဦးက “ သူတို့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)ရယ်၊ ၅၀(ည)တို့နဲ့တရားစွဲ ခံခဲ့ရတာဖြစ်တယ်။ ရုံးချိန်းကတော့ ၃၀ ကျော်ခဲ့တယ်။ ဒီနေ့မှာဘဲ တရားသေလွှတ်ပေးလိုက်တယ်”ဟုပြောသည်။ပြန်လွတ်လာသည့် ဦးမောင်သန်းမြင့်၏ဇနီး ဒေါ်တင်မချေက “ကျွန်မတို့က ပိုက်ဆံမတတ်နိုင်လို့ ရုံးချိန်တွေကိုမသွားနိုင်ဘူး။ ပြန်လွတ်လာတော့ ပျော်တာပေါ့။” ဟုပြောသည်။ပြန်လွတ်လာသူများထဲမှ ဦးတင်ရွှေသန်းကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်က တပ်တောင်သို့ စျေးဝယ်ရန်သွားစဉ် ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ရွာသာယာကျေးရွာသား ၅ ဦးကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ခမရ ၅၄၄ စစ်ကြောင်းမှနေအိမ်ကနေ အသီးသီးဖမ်းဆီးခြင်းခံခဲ့ရသည်။ ယင်းမှတဆင့် ၎င်းတို့ကိုအမ်းမြို့ အမှတ် ၃၇၁ ခြေမြန်တပ်ရင်းသို့လွှဲပြောင်းခဲ့ကာ ဗိုလ်ကြီးထက်အောင်လင်းက တရားလိုပြုလုပ်ပြီး ကျောက်ဖြူခရိုင်းတရားရုံးတွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ရခိုင်ပြည်နယ်တွင် တပ်မတော်မှ AA ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူမှာ ၂၆၉ ဦးရှိသည်။ ၎င်းတို့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ ဖြင့် စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး အသီးသီး တရားရင်ဆိုင်နေကြရသည်။

https://www.facebook.com/102405104899336/posts/246606253812553/

Leave a Reply

Your email address will not be published.