သံတွဲက ဖမ်းဆီးခံ ဆန္ဒပြသမား ၄ ဦးကို ရုံးထုတ်ခွင့်မပေးဘဲ ထပ်မံရုံးချိန်း

By DVB/ 2021 March 8

စစ်အစိုးရအလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒပြလို့  ဖမ်းဆီးခံထားရတဲ့ သံတွဲမြို့က  ပြည်သူ  ၄ ယောက်ကို ဒီနေ့ အာမခံအတွက် ဆုံးဖြတ်မှာဖြစ်ပေမဲ့ ရုံးမထုတ်ဘဲ ရုံးချိန်းပဲ ထပ်ပေးလိုက်ပါတယ်။

သူတို့ ၄ ယောက်ကို မတ် ၁ ရက်က အချုပ်ထုတ်ခွင့်မပေးဘဲ အွန်လိုင်းကတဆင့် သံတွဲမြို့နယ်တရားရုံးမှာ ငြိမ်းစုစီ ပုဒ်မ ၁၉၊ သဘာဝဘေးစီမံခန့်ခွဲမူဥပဒေပုဒ်မ ၂၅ တို့နဲ့ စွဲချက်တင်ခဲ့ပြီး ရှေ့နေတွေက အာမခံလျှောက်ထားတာကို ဒီနေ့မှာ ဆုံးဖြတ်မယ်လို့ တရားသူကြီးက ပြောထားခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့မှာ တရားလိုပြသက်သေတွေကို စစ်ဆေးမှာဖြစ်ပေမဲ့ တရားစွဲခံထားရသူတွေကို ရုံးထုတ်ခွင့်မပေးဘဲ အွန်လိုင်းကပဲ မေးမြန်းခွင့်ရမယ်လို့ဆိုတာကြောင့် တရားစွဲဆိုခံထားရသူတွေရဲ့ ရှေ့နေတွေက လက်မခံခဲ့တဲ့အတွက် လာမယ့် မတ် ၁၈ ရက်ကို ထပ်မံရုံးချိန်းခဲ့တာဖြစ်ပါတယ်။ 

ဒီအမှုမှာ တရားလိုဟာ ရဲတပ်ဖွဲ့ဝင်တွေဖြစ်ပြီး သူတို့ကိုယ်တိုင် စွပ်စွဲခံရသူတွေကို တဖက်သတ် ချုပ်ထားသလိုဖြစ်နေတယ်လို့ အဖမ်းခံရသူတွေရဲ့ ရှေ့နေတွေက ထောက်ပြပါတယ်။  

အဖမ်းခံထားရသူ ၄ ယောက်ဟာ ဒီနေ့အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးသလို ရုံးထုတ်ခွင့်လည်း မရသေးဘဲ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေ ဘာတခုမှ မရသေးဘူးလို့ ရှေ့နေက ပြောပါတယ်။

အဖမ်းခံရသူ ၄ ယောက်ကတော့ လူငယ် မိန်းကလေး ၁ ယောက်၊ လူငယ် အမျိုးသား ၂ ယောက်နဲ့ လူကြီး အမျိုးသား ၁ ယောက်ဖြစ်ပါတယ်။ သူတို့ထဲက လူငယ် ၃ ယောက်ကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆန္ဒပြနေတုန်း ရဲတွေက လူစုခွဲဖို့ မပြောခင်မှာတင် စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို လွှတ်ပေးဖို့ ရဲစခန်းနားမှာ လူတွေစုရုံးတောင်းဆိုကြတုန်း မုန့်တွေ၊ ရေတွေ ပေးဝေခဲ့တဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့တာပါ။

မတ် ၃ ရက်မှာတော့ အဖမ်းခံရသူ ၄ ယောက်ကို ကိုဗစ်-၁၉ ပိုး  ရှိ၊ မရှိစစ်ဆေးခဲ့ပါတယ်။ ဒီလိုစစ်ဆေးထားတဲ့အတွက် အခုရုံးချိန်းမှာ ရုံးထုတ်ခွင့်မရတာလို့ မြို့နယ်တရားသူကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး  ရှေ့နေဦးညွန့်မောင်က ပြန်ပြောပြပါတယ်။

https://www.facebook.com/191574990881009/posts/4108212922550510/

Leave a Reply

Your email address will not be published.