By Western News/ 2021 March 19

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် သောက်သုံးရေလုံလောက်မှုမရှိသဖြင့် ရေသိုလှောင်ရန် ပုံးများအပြင် ချက်ပြုတ်စားသောက်ရန်အတွက် ထင်းနှင့် မီးသွေးများလည်းဝယ်ယူအသုံးအပြုနေရသည်ဟု စခန်းတာဝန်ခံများက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် သောက်ရေ၊ သုံးရေများကို ပိုက်လိုင်းဖြင့် မြောက်ဦးမြို့ရှိ လက်ဆည်းကန်မှ နေ့လည် ၁ နာရီမှ ညနေ ၇ နာရီအထိ တစ်ရက်ခြားပုံမှန်ရရှိနေသော်လည်း ရေသိုလှောင်ရန်ရေပုံးများလုံလောက်မူ မရှိသဖြင့် ရေကိုချွေတာသုံးစွဲနေရသည်ဟု စခန်းတာဝန်ခံ ဦးဝင်းနိုင်က Western News သို့ပြောသည်။
“ လက်ဆည်းကန်က တစ်ရက်ခြား လွှတ်ပေးပေမယ့် ရေလာတဲ့အချိန်မှာ ထည့်စရာရေအိုးခွက်၊ ရေပုံးတွေလုံလောက်မူမရှိဘူး။ အဲဒီတော့ ရေကိုလုံလုံလောက်လောက်မသုံးရဘူး။ အခုကနွေရာသီရောက်ပြီဆိုတော့ အပူချိန်လေ့ ပြင်းလာပြီ။ ဒါကြောင့်သောက်ရေ၊ သုံးရေပုံမှန်ရှိနေဖို့လိုအပ်တော့ ရေပုံး၊ ရေအိုးခွက်တွေလိုအပ်ပါတယ်။ နောက်ပြီးတော့ ထင်း၊ မီးသွေးအခက်အခဲတွေရှိတယ်။ မြို့မစျေးက တစ်စည်းကို ၃၀၀၀ ကျပ်နဲ့ဝယ်သုံးရတယ်။ မီးသွေးကလည်း စျေးကြီးလို့ဝယ်မသုံးနိုင်ဘူး။ အရင်တုန်းကတော့မီးသွေးကို ( WFP ) ကပေးတယ်“ ဟု ပြောသည်။
ယင်း မြို့ဦးခေါင်းစစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၀၈၃ ဦး၊ အိမ်ထောင်စု ၂၆၃ စုရှိပြီး ပလက်ဝမြို့နယ်၊ မီးလက်ဝ၊ ကျောက်တော်မြို့နယ်၊ တင်းမ၊ အောင်သာယာ၊ အလယ်ကျွန်း၊ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ ရွာဟောင်း၊ ဘုရားအုတ်စသည်ကျေးရွာတို့မှ စစ်ဘေးရှောင်များခိုလှိုလျက်ရှိကြောင်းသိရသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ ၂နှစ်ကျော်တိုက်ပွဲဖြစ်ပွါးခဲ့ကြသည့်အတွက် မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ အမ်း၊ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ စစ်တွေမြို့နယ်တို့၌ စုစုပေါင်း စစ်ဘေးရှောာင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေစုစုပေါင်း ၁ သိန်း ၉ သောင်းကျော်ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးစု များအစည်းအရုံး ( REC ) စာရင်းအရသိရသည်။
https://www.facebook.com/102405104899336/posts/252662969873548/