သတင်းထောာက်များ တရားစွဲဆိုခံထားရမှု ပြန်လည်ရုပ်သိမ်းရန် DMG သတင်းဌာနပေါ်တွင်သာ မူတည်ကြောင်း ဗိုလ်မှူးကြီး မင်းသန့်ပြော

By Western News/ 2021 March 11

ရခိုင်အခြေစိုက် Development Media Group (DMG) သတင်းဌာနမှ အယ်ဒီတာချုပ်အပါအဝင် သတင်းထောက်များ တရားစွဲဆိုခံထားရမှုများ ပြန်လည်ရုပ်သိမ်းရန် အတွက် DMG သတင်းဌာနပေါ်တွင်သာမူတည်ကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး မင်းသန့်ကပြောသည်။DMGသတင်းဌာနအနေဖြင့် တရားစွဲဆိုခံထားရမှုများနှင့် ပတ်သတ်၍ အနေအထိုင်ဆင်ခြင်ပြီး ၎င်းတို့အပေါ် ရန်သူလိုပစ်မှတ်မထားပါက တရားစွဲဆို ခံထားရမှုများမှာ ပြန်လည်ရုပ်သိမ်းနိုင်ကြောင်း ဗိုလ်မှူးကြီး မင်းသန့် ကပြောသည်။“ဒါကတော့ သူတို့ အနေထိုင်ပေါ်မူတည်တာပေါ့။ သူတို့အနေအထိုင်ဆင်ခြင်တယ် ၊ ငါတို့ကို ရန်သူလို ပစ်မှတ်မထားဖို့တော့လိုတာပေါ့။ အဲ့လိုဆိုရင်တော့ တစ်မျိုးပြောင်းသွားနိုင်တာပေါ့။ စစ်တွေက ဦးသာပွင့်ဆိုရင်လည်း အဲ့လိုပဲလေ ပြန်ပြီးပြေလည်သွားတာပဲ။ အမှုတွေ ပြန်လည်ရုပ်သိမ်းဖို့ဆိုရင်တော့ သူတို့အပေါ်ပဲမူတည်တာပေါ့”ဟု ပြောသည်။ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကိုတပ်မတော်က ယူဆောင်သွားကြောင်း ကျေးရွာသားများ၏ ပြောဆိုချက်ကို ကိုးကားပြီး ဇန်နဝါရီ ၁၀ ရက်နေ့ ရက်စွဲဖြင့် သတင်းရေးသားဖော်ပြခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်နေ့က စစ်တွေမြို့၊ အမှတ် ၂ နယ်မြေရဲစခန်းတွင် ဆက်သွယ် ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့သည်။DMG သတင်းဌာန ဒု-တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် အဆိုပါသတင်းကို ရေးသားသူ သတင်းထောက် မနှင်းနွယ်တို့ကို ဗိုလ်မှူး ဘုန်းမြင့်ကျော်က အမှုဖွင့်ခဲ့ပြီး ယခင်စွဲဆိုထားသော ဆက်သွယ်ရေးဥပ‌ဒေပုဒ်မ ၆၆ (ဃ) အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မဖြင့်ပါ စစ်တွေမြို့နယ်တရားရုံးတွင် ထပ်တိုးအမှုဖွင့်ထားကြောင်း ဒုတာဝန်ခံကိုနေဝင်းစံက ပြောသည်။ရခိုင်ပြည်နယ်သည် ကြီးမားသည့် ပဋိပက္ခများတည်ရှိနေသည့် ဒေသဖြစ်သည့်အတွက် သတင်းမီဒီများလွတ် လပ်ခွင့်ရှိရန် လိုအပ်ကြောင်းနှင့် တပ်မတော်အနေဖြင့် သတင်းမီဒီယာများကို ယင်းကဲ့သို့ ကြီးလေးသည့် ဥပဒေ ပုဒ်မများဖြင့် တရားစွဲဆိုမည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိတော့မည်မဟုတ်ဘဲ ပြဿနာများပိုမိုရှုပ်ထွေးလာနိုင် သည့်အတွက် စွဲဆိုထားသည့် ပုဒ်မများကို အမြန်ဆုံးရုပ်သိမ်းပေးရန်လိုအပ်ကြောင်း ကိုနေဝင်းစံက တောင်းဆိုထားသည်။တပ်မတော်အနေဖြင့် သတင်းမီဒီယာများအပေါ်တွင် ယင်းကဲ့သို့ ကြီးလေးသည့် ဥပဒေပုဒ်မများဖြင့် တရားစွဲဆို နေခြင်းသည် သတင်းမီဒီယာလောကသားများကို ခြိမ်းခြောက်သည့် လုပ်ရပ်အဖြစ် ရှုမြင်ကြောင်း နိရဥ္စရာ သတင်းဌာနမှ အယ်ဒီတာချုပ် ကိုခိုင်မြတ်ကျော် သုံးသပ်ပြောဆိုသည်။ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ မေလ ၁၁ ရက်နေ့က DMG သတင်းဌာန၏ အယ်ဒီတာချုပ် ဦးအောင်မင်းဦးကိုလည်း သတင်းတပ်ဖွဲ့ (SB) ကတရားလိုပြုလုပ်ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၂) ဖြင့် စစ်တွေမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားသည်။ အလားတူ DMG သတင်းဌာန၏ မောင်တော‌ဒေသ သတင်းထောက် ကိုအောင်ကျော်မင်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့က လမ်းတံတားဦးစီးဌာနက တရားလိုပြုလုပ်ပြီး ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မောင်တောမြို့မရဲစခန်းတွင် အမှုဖွင့် ခံထားရသည်။သတင်းထောက်များ တရားစွဲဆိုခံရခြင်းများနှင့်ပတ်သက်၍ Development Media Group (DMG) အပါအဝင် သတင်းမီဒီယာများကို တရားစွဲဆိုနေမှုများ အားလုံး အမြန်ဆုံး ရုပ်သိမ်းပေးရန် နှင့် သတင်း နှင့်ပတ်သက်သော ကိစ္စရပ်များ အားလုံးကို သတင်း မီဒီယာ ဥပဒေပါပြဌာန်းချက်များနှင့်အညီ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှတစ်ဆင့် ညှိနှိုင်းဖြေရှင်းရန် သတင်းဌာနများက တိုက်တွန်းထားသည်။

https://www.facebook.com/102405104899336/posts/247276220412223/

Leave a Reply

Your email address will not be published.