ဝန်ကြီးချုပ် ဦးညီပုအမှုတွင် တရားလိုပြသက်သေ မရောက်လာ၍ ထပ်မံရုံးချိန်း

By Western News/ 2021 March 31

စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်” ခေါင်းစဉ်ဖြင့် ဗွီဒီယိုဖိုင်တင်သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ အမှုတွင် တရားလိုပြ သက်သေ မရောက်လာ၍ လာမည့် ဧပြီလ ၇ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်သည်။

ဝန်ကြီးချုပ်ဦးညီပုအမှုတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်လင်းက ယနေ့ရုံးချိန်ကိုရောက်မရောက်လာသည့်အတွက် နောက်တစ်ပတ်ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု အမှုလိုက်ပါ ဆောင်ရွက်နေသည့် ဝန်ကြီးချုပ် ဦးညီပု၏ ရှေ့နေကပြောသည်။

“ဝန်ကြီးချုပ် ဉီးညီပုနဲ့ကတော့ အွင်လှိုင်းဗွီဒီယိုက ပြောရတယ်။ ကျန်းကျန်းမာမာရှိတယ်လို့ပြောတယ်။ ကျွန်တော်က လိုအပ်တာရှိရင် ရှေ့နေတွေကို ပြောပါလို့မေးတော့ ရပါတယ်၊ အားလုံးပြည့်စုံပါတယ်လို့ပြောတယ်။ ဒီနေ့ ရုံးချိန်မှာတော့ တရားလိုပြသက်သေက မရောက်လာဘူး။ အဲ့ဒါကြောင့်နောက်တစ်ပတ်ရုံးချိန်းကိုရွှေ့လိုက်ပါတယ်” ဟုပြောသည်။

ယနေ့ ရုံးချိန်းတွင် ဝန်ကြီးချုပ် ဉီးညီပုနှင့် ဗွီဒီယိုအွင်လှိုင်းမှတစ်ဆင့် စကားပြောခဲ့ရပြီး ဝန်ကြီးချုပ်ဦးညီပုအနေဖြင့် ကျန်းကျန်းမာမာရှိ နေသည်ဟု ပြောကြားကြောင်း အမှုအား လိုက်ပါဆောင်ရွက်ပေးနေသည့် ‌ရှေ့နေဦးအောင်စစ်မင်းက ပြောဆိုသည်။

ဝန်ကြီးချုပ် ဦးညီပုသည် တပ်မတော်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပထမဆုံးအကြိမ် ထိန်းသိမ်းခံရပြီး နေအိမ်အကျယ်ချုပ် ကျခံခဲ့ရသည်။ ယင်းနောက် ဖေဖော်ဝါရီလ ၉ ရက်နေ့က ၎င်း၏ Facebook လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်”ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်ကိုကန့်ကွတ်ကြောင်း ဗွီဒီယိုတင်ခဲ့သည်အတွက် ဖမ်းဆီးတရားစွဲဆိုခံခဲ့ရသည်။

ဝန်ကြီးချုပ်ဦးညီပုအမှုတွင် တရားလိုပြသက်သေတစ်ဦးဖြစ်သည့် စစ်တွေမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီဌာနမှ ဒု-အုပ်ချုပ်ရေးမှူး ဦးကျော်လင်းအပါအဝင် တရားလိုပြသက်သေ ၅ ဦးရှိသည်။ ဝန်ကြီးချုပ်ဦးညီပုကို စစ်တွေမြို့နယ် တရားရုံးတွင် တရားလိုလုပ်ကာ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ဦးညီပုကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေပိုင်းအချိန်က တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့က ပူပေါင်းကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှုးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးထိန်းသိမ်းခံရပြီး ၎င်းတို့အထဲမှ ဦးညီပုမှလွဲ၍ ကျန်သောသူများအား မကြာသေးခင်က အာဏာသိမ်းစစ်ကောင်စီကပြန်လည်လွှတ်ပေးခဲ့သည်။

https://www.facebook.com/102405104899336/posts/261720908967754/

Leave a Reply

Your email address will not be published.