ဝန်ကြီးချုပ်ဦးညီပုကို အင်တာနက်အွန်လှိုင်းမှတစ်ဆင့်ရုံးထုတ်၊ အချုပ်ခန်းကနေ တရားရင်ဆိုင်လိုသည်ဟုဆို

By Western News/ 2021 March 4

လူမှုကွန်ရက်ပေါ်တွင် “ပြည်သူသို့ပန်ကြားချက်” ခေါင်းစဉ်ဖြင့် ဗွီဒီယိုတင်သည့်အတွက် နိုင်ငံတော် အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ယနေ့တွင် အင်တာနက်အွန်လှိုင်းရုပ်သံမှတစ်ဆင့် ရုံးထုတ်ကြောင်းသိရသည်။ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ မှုခင်းစီမံခန့်ခွဲမှုဆိုင်ရာများကို အကြိုဆွေးနွေးခဲ့ကြောင်းနှင့် နောက်တစ်ကြိမ်ရုံးချိန်းကို မတ်လ ၁၇ ရက်သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေနေသည့် သဇင်ဥပ‌ဒေအထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာ ကိုငြိမ်းချမ်းကပြောဆိုသည်။“ဒီနေ့ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှုလုပ်တယ်ပေါ့။ အမှုတစ်မှုကို ဘယ်နေ့မှာ ဘာလုပ်မယ်၊ ဘယ်နှစ်ရက်အတွင်းမှာ အပြီးသတ်လုပ်မယ်ပေါ့။ အမှုနဲ့ပတ်သက်လို့ အကြိုဆွေးနွေးတဲ့သဘောပါ။ နောက်လာမည့် ရုံးချိန်းကိုတော့ မတ်လ ၁၇ ရက်နေ့သို့ချိန်းဆိုလိုက်ပါတယ်” ဟုပြောဆိုသည်။လက်ရှိတွင် ဝန်ကြီးချုပ်ဦးညီပုသည် တပ်မတော်တပ်ရင်းတစ်ခုတွင် ထိန်းသိမ်းခံထားရပြီး ယင်းမှတစ်ဆင့်တရားရင်ဆိုင်နေရသည့်အတွက် ရှေ့နေများနှင့် လွတ်လွတ်လပ်လပ်ပြောဆိုဆွေးနွေး၍မရကြောင်းနှင့် ပုံမှန်လုပ်ထုံးလုပ်နည်းအတိုင်း အချုပ်ခန်းက တရားရင်ဆိုင်ရသည့် အနေအထားတစ်ခုကို ရလိုသည်ဟု ဦးညီပုက ပြောဆိုကြောင်း ကိုငြိမ်းချမ်းကပြောဆိုသည်။“ဦးညီပုကတော့ သူ့ကို သာမန်ပုံစံမျိုးနဲ့လေ အချုပ်ခန်းကနေ တရားရင်ဆိုင်ဖို့ ရလိုတယ်ဆိုတဲ့အနေအထားကိုပြောတယ်။ ပြီးတော့ ရှေ့နေနဲ့ဘာပြောစရာရှိလဲလို့မေးတဲ့အခါကျတော့ သူ့အနေနဲ့ ဒီလိုအနေအထားမျိုးနဲ့ ဘာမှပြောစရာမရှိပါဘူးလို့ပြောတယ်” ဟုပြောသည်။ဦးညီပုအား မည့်သည့်တပ်ရင်းတွင် ထိန်းသိမ်းထားသည်ကို တိတိကျကျမသိရှိရသေးသော်လည်း ခမရ ၅၆၂ နှင့် ခမရ ၅၆၃ တို့တွင်ထားရှိသည်ဟု ကြားရကြောင်း ဦးညီပု၏ ရွေးကောက်ပွဲကော်စားလှယ် ကိုစိုးမင်းအောင်၏ပြောဆိုချက်အရသိရသည်။စစ်တပ်က အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် မြို့နယ် ၅ မြို့နယ်မှ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ၅ ဦး၊ အတွင်းရေးမှုးတစ်ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး၊ NLD ပါတီဝင် ၄ ဦး၊ ဒေသခံ ၆ ဦး စုစုပေါင်း ၁၉ ဦးဖမ်းဆီးခံထားရသည်။

https://www.facebook.com/102405104899336/posts/242435044229674/

Leave a Reply

Your email address will not be published.