By Western News/ 2021 March 26

လာမည့် ဧပြီလအတွင်း ရခိုင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်စခန်း၏ ၃ ပုံ၊၂ ပုံမှာ ရေရှားပါးမှု အခြေအနေနဲ့ ကြုံတွေ့ရနိုင်ပြီး စစ်ဘေးဒုက္ခသည် ဦးရေ ၆ သောင်းကျော်ခန့်မှာလည်း ရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ရခိုင်လူမှုကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။
ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ ဇန်နဝါရီ ၁၂ ရက်ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်တွင် မြို့နယ် အသီးသီး၌ စစ်ဘေးရှောင်စခန်း ၁၈၂ခု ထိရှိပြီး ဒုက္ခသည်ဦးရေ ၁၈၀၀၀၀ ကျော်ထိရှိကာ ယင်းအထဲမှ ဒုက္ခသည်ဦးရေ ၆ သောင်းကျော်ခန့်မှာလည်း ရေရှားပါးမှုနှင့် ရင်ဆိုင်ရနိုင်ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော် ထွန်းကပြောသည်။
“စစ်ဘေးရှောင်စခန်းတွေရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ မကြာခင်မှာ ရေရှားပါးမှုအခြေအနေနဲ့ကြုံတွေ့လာနိုင်ပါတယ်။ မြို့န ယ်အနေနဲ့ဆိုရင် ဒုက္ခသည်စခန်း တော်တော်များများမှာ ရေရှားပါးမှုကြုံလာနိုင်တယ်။ ကျွန်တော်တို့ ရခိုင်မှာ ရေရှားပါးမှုပြဿနာဟာ နဂိုကတည်း ကရှိတယ်။ ဒီထဲ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်တွေ ခိုလှုံကြတဲ့ ရွာတွေမှာဆိုရင် နဂိုရှိတဲ့ ကန်တွေကို ကိုယ့်ရွာသားတွေနဲ့ သုံးစွဲတာတောင် လုံလောက်မှုမရှိတဲ့အထဲ စစ်ဘေးရှောင်တွေနဲ့ပါ မျှပြီးသုံးစွဲရတော့ ရေရှားမှု ပြဿနာဟာ ပိုပြီးဖြစ်သွားတာပေါ့”ဟုပြောသည်။
ရေရှားပါးမှုများနှင့် ကြုံလာနိုင်သည့် မြို့နယ်များမှာ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့်ရသေ့တောင် မြို့နယ်များဖြစ်ပြီး ရေရှားပါးမှုကြောင့် သန့်ရှင်းသောရေကို မရရှိသည့်အခါ စစ်ဘေးရှောင်ဒုက္ခသည် ကလေး လူကြီးများ ဝမ်းရောဂါများပါ ဖြစ်လာနိုင်ကြောင်း ကိုဇော်ဇော်ထွန်းကပြောသည်။
လက်ရှိတွင် ရေအလှူရှင်များနှင့် စည်ပင်အဖွဲ့မှ လှူဒါန်းမှုကြောင့် သောက်ရေအဆင်ပြေနေသော်လည်း ယခုလာမည့်နွေရာသီ ရောက်လာလျှင် သောက်သုံးရေ ပိုမိုရှားလာနိုင်သည်ဟု မြောက်ဦးမြို့တိမ်ညို စစ်ဘေးရှောင်စခန်းမှ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်သည့် ဒေါ်သာနုဖြူကပြောသည်။
“အန်တီတို့စခန်းမှာက ရေကန်က တစ်ကန်ပဲရှိတယ်။ အဲ့ကန်ကလည်း ခမ်းသွားတာကြာပြီ။ တိမ်ညိုရွာ ချောင်း ကရေကို ဖြည့်ထားတာ။ အဲ့တာက ချက်ပြုတ်လို့ သောက်လို့မရပါဘူး။ တိမ်ညိုရွာထဲက သွားခပ်ဖို့ကလည်း သူတို့ မှာက သူတို့အတိုင်း အတာနဲ့သူတို့ပေါ့။ တစ်ခေါတစ်လေ ရွာထဲကလူတွေ ရေလာရောင်းတာတော့ရှိတယ်။ ငွေရှိ တဲ့အခါတွေဆို သောက်ရေတော့ ဝယ်သောက်ပါတယ်”ဟုပြောသည်။
ဧပြီလအတွင်းရေရှားပါးလာနိုင်သည့်စစ်ဘေးရှောင်စခန်းများကို ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး အနေဖြင့် အချက် အလက်များကိုစာရင်းကောက်ယူထားပြီး ရေလှူဒါန်းနိုင်ရန်အတွက် နိုင်ငံတကာအဖွဲ့အစည်း များနှင့် ဒေသခံအဖွဲ့အစည်းထံကို အကူအညီတောင်းခံသွားမည်ဟု ကိုဇော်ဇော်ထွန်းကပြောဆိုသည်။
https://www.facebook.com/102405104899336/posts/258323605974151/