By Development Media Group (DMG) / 2021 March 23
မင်းထီး

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲရလဒ်ကို တပ်မတော်နဲ့ အစိုးရကြား အငြင်းပွားမှုကိုအကြောင်းပြုပြီး နိုင်ငံတော်အာဏာကို သိမ်းယူလိုက်တဲ့ မြန်မာစစ်တပ်အပေါ် လူထုဆန့်ကျင်ဆန္ဒဖော်ထုတ်မှုဟာ ရက်ပေါင်း လေးဆယ်ကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်နှိမ်နှင်းမှုများကြောင့် ဆန္ဒထုတ်ဖေါ်သူများ သေဆုံးသူဦးရေဟာလည်း နေ့စဉ်မြင့်တက်နေဆဲဖြစ်ပါတယ်။
ကမ္ဘာ့ကုလသဂ္ဂက မြန်မာအရေးနဲ့ပတ်သတ်ပြီး အထူးအစည်အဝေး နှစ်ကြိမ်ထိပြုလုပ်ခဲ့ပေမယ့် ဆန္ဒထုတ် ဖေါ်နေတဲ့လူထုနဲ့ အာဏာသိမ်းအစိုးရအဖွဲ့ဖြစ်တဲ့ နိုင်ငံတော်ကောင်စီအကြား ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေ မရရှိနိုသေးပါဘူး။ ကုလသမဂ္ဂက မြန်မာစစ်ကောင်စီကိုရှုတ်ချဖို့ ဆုံးဖြတ်ချက်ချဖို့တောင် မြန်မာဘက်ကရပ် တည်ပေးနေတဲ့ တရုတ်၊ ရာရှား၊ ဗီယက်နမ်၊ အိန္ဒိယစတဲ့ နိုင်ငံတွေက ကန့်ကွက်ခဲ့တာကြောင့် မအောင်မြင်ခဲ့ပါဘူး။ သို့သော်လည်း တရုတ်နိုင်ငံကတော့ ကုလသမဂ္ဂကို မြန်မာ့နိုင်ငံအရေး သံတမန်နည်းလမ်းအဖြေရှင်းပေးဖို့ကို အားပေးကြောင်း ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံအတွင်း ရင်နှီးမြှုပ်နှံမှုအများဆုံးကို ပိုင်ဆိုင်ထားတဲ့ တရုတ်ဟာ ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရနဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းစာချုပ်အသစ် (၃၃) ခုကို ရွေးကောက်ပွဲမတိုင်ခင် လက်မှတ်ရေးထိုးထားခဲ့သလို (၂၀၂၀) ရွေးကောက်ပွဲမှာ NLD ပါတီက အနိုင်ရရှိမှုအပေါ်ကြိုဆိုကြောင်း စစ်တပ်ကအာဏာမသိမ်းမှီ တစ်လကျော်က တရုတ်သံတမန် မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး ပြောဆိုခဲ့ပါတယ်။ တရုတ်အစိုးရအနေနဲ့လည်း သူ့ရင်းနှီးမြှုပ်နှံမှုများစွာရှိနေတဲ့ မြန်မာနိုင်ငံမှာ အခုလို စစ်တပ်ကအာဏာသိမ်း ယူလိုက်ခြင်းကြောင့် နိုင်ငံတစ်ခုလုံး ဆူပူမှုဖြစ်နေသလို သူ့စီမံကိန်းလုံခြုံနိုင်ရေးအတွက် စစ်တပ်က လက်ရှိအာဏာသိမ်းယူလိုက်ခြင်းကို ကြိုက်ပုံမရပါဘူး။
မြန်မာစစ်တပ်ဘက်ကလည်း တစ်စစအင်အားကြီးမားလာတဲ့ မြောက်ပိုင်း မဟာမိတ်တပ်တွေဟာ တရုတ် နယ်စပ်မှာ အခြေစိုက်ထားတာကြောင့် တရုတ်အစိုးရနဲ့ ဆက်ဆံရေးကို ခွာချင်ပုံရပါတယ်။ ပြီးခဲ့တဲ့အပတ်က မြန်မာစစ်တပ်က ငှားရမ်းထားတဲ့ လော်ဘီက မြန်မာစစ်တပ်ခေါင်းဆောင်များဟာ တရုတ်ကိုရှောင်ပြီး အမေရိကန်နိုင်ငံနဲ့ ဆက်ဆံရေးကို တိုးမြှင့်လိုကြောင်း ထုတ်ဖေါ်ပြောဆိုထားတာကို တွေ့ရပါတယ်။
ဒါကြောင့်လည်း NLD အစိုးရလက်ထက်မှာ မြန်မာစစ်တပ်ဟာ ရာရှားနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံကို အလေးထားခဲ့တာကိုတွေ့ရပြီး အိမ်နီးချင်း အိန္ဒိယကတော့ စစ်တပ်နဲ့ထက် ဒေါ်စုအစိုးရနဲ့ ဆက်ဆံရေးအလွန်ကောင်းခဲ့တာကို တွေ့ရပါတယ်။ တရုတ်ဟာ ခုလို သူ့ရင်းနှီးမြှုပ်နှံမှုအများဆုံး ရှိနေတဲ့နိုင်ငံမှာ ဆူပူမှုဖြစ်နေပုံမျိုးကိုတော့ လုံးဝကြိုက်မှာမဟုတ်သလို မြန်မာနိုင်ငံစစ်အစိုးရလက်ထက် တောက်လျှောက် ဩဇာညောင်းလာခဲ့ပြီး တရုတ်နိုင်ငံရေးအတွက် အသက်တမျှ အရေးကြီးတဲ့ BRI စီမံကိန်းကြီးရှိနေတာကြောင့် လက်ရှိပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ကျောက်ဖြူကနေ သွယ်တန်းထားတဲ့ ပိုက်လိုင်းစီမံကိန်းကို စိုးရိမ်ကြောင်း အရိပ်အရောင် ပြလာတာ၊ တိုက်ရိုက်ဖိအားပေး ပြောဆိုလာတာတွေကိုပါ တွေ့နေရပါတယ်။
တရုတ်ကိုယ်စားလှယ်က (Mr Chen Hai) ၂၃/၂/၂၀၂၁ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ အဓိကထား ဆွေးနွေးခဲ့တဲ့ အကြောင်းအရာကိုပြန်ကြည့်ရင့် မြန်မာနိုင်ငံမှာ ကြီးမားတဲ့ အပြောင်းအလဲရှိခဲ့ပေမယ့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရေးနဲ့ BRI စီမံကိန်းများ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း၊ ပိုက်လိုင်းစီမံကိန်းဟာ တရုတ်အတွက်အလွန်အရေးကြီးကြောင်း ထုတ်ဖေါ်ပြောဆိုသွားတာကို တွေ့ရပါတယ်။ ဒါဟာ လက်ရှိဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံရေး အရှုပ်အထွေးကြားမှာ တရုတ်နိုင်ငံရဲ့ စီပွားရေးကို မထိခိုက်စေလိုကြောင်း ပြသနေတာဖြစ်ပါတယ်။
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း ပြီးခဲ့တဲ့ တစ်ပတ်အတွင်း တရုတ်အထည်ခြုတ်စက်ရုံတွေ မီးလောင်ကျွန်းမှုနဲ့ ပတ်သတ်ပြီး စက်ရုံအလုပ်သမားပေါင်း သိန်းချီ နေရပ်ပြန်ခဲ့ရသလို ဆန္ဒထုတ်ဖေါ်သူများကလည်း တရုတ်ရဲ့ စစ်တပ်နဲ့ရင်းနှီးတဲ့ ဆက်ဆံမှုရှိတာကြောင့် တရုတ်နဲ့ဆက်စပ်တာတွေကို လူထုက ပစ်မှတ်ထားလာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ စစ်အစိုးရ ဦးသန်းရွှေလက်ထက်က အနောက်နိုင်ငံများက မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့နေချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို အားမပေးခဲ့ဘဲ စစ်အာဏာရှင်များ ဘက်ကရပ်တည်ကာ မြန်မာနိုင်ငံအတွင်းက သယံဇာတများစွာနဲ့ စီမံကိန်းများစွာကို ရယူပိုင်ဆိုင် ထားခဲ့တာကြောင့် မြန်မာလူမျိုးအများစုဟာ တရုတ်စီမံကိန်းတွေကို ဆန့်ကျင့်ကြတာ၊ သဘောမကျတာတွေကို တွေ့ရမှာပါ။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံစစ်တပ်အပေါ် ဩဇာထားရှိနိုင်ခဲ့သလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထားနိုင်တာကို တွေ့ရပါတယ်။ ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့တဲ့ တတိယအကြိမ် ပင်လုံညီလာခံကို မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို ဖိတ်ကြားရေးအတွက် တရုတ်နိုင်ငံက ပါဝင်ညှိနှိုင်းပေးခဲ့တာကို ကြည်ခြင်းအားဖြင့် တရုတ်ရဲ့ မြန်မာနိုင်ငံအပေါ်မှာ ထားရှိတဲ့ ဆက်ဆံရေးမှာ ဩဇာရှိတယ်ဆိုတာကို တွေ့ရသလို အားလုံးနဲ့သင့်မြတ်ရေးမူကို ကိုင်ထားတယ်လို့ ဆိုရမှာပါ။
ဒါကြောင့် လက်ရှိအချိန်မှာ တရုတ်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူလိုက်မှုကို သဘောမကျပေမယ့် မြန်မာစစ်တပ်ဘက်က ရပ်တည်ပေးနေဦးမယ်လို့ ယူဆရပါတယ်။ လက်ရှိ မြန်မာ့အကျတ်အတည်းကို အနောက်အုပ်စု (သို့မဟုတ်) ကမ္ဘာ့ကုလသမဂ္ဂက နည်းလမ်းတစ်မျိုးမျိုးနဲ့ ဝင်ရောက်ဝင်ရောက်ဖြေရှင်းတာကိုတော့ တရုတ်အနေနဲ့ ရနိုင်သမျှ သူ့အကျိုးစီးပွားအတွက် ကာကွယ်မှာဖြစ်ပါတယ်။ သို့သော်လည်း တရုတ်အနေနဲ့ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူထားတာ ရက်ပေါင်းလေးဆယ်ကျော် ကြာလာတဲ့အထိတော့ တရားဝင်ကြောင်း အသိအမှတ်ပြုဆက်ဆံတာမျိုး ထုတ်ဖေါ်ပြောဆိုတာမျိုးကို မတွေ့ရသေးပါဘူး။
လက်ရှိ အခင်းအကျင်းဟာ မြန်မာစစ်ကောင်စီဘက်ကလည်း ဆန္ဒထုတ်ဖေါ်သူတွေကို အားဓမ္ဓပစ်သတ်နေခြင်းကြောင့် သေဆုံးရသူပေါင်း နှစ်ရာကျော်အထိရှိလာနေပြီး ဖမ်းဆီးခံထားရသူပေါင်း နှစ်ထောင်ကျော် အထိ ရှိနေပြီဖြစ်ပါတယ်။ အာဏာသိမ်းစစ်ကောင်စီဟာ လက်ရှိအချိန်မှာ ပြည်နယ်ကောင်စီတွေဖွဲ့စည်း ထားပေမယ့် ပြည်နယ်တစ်ချို့ အဖြစ်သဘော လည်ပတ်နေသလိုရှိပေမယ့် ကျန်တဲ့တိုင်းဒေသကြီးအများစုမှာ သူ့အစိုးရကောင်စီအဖွဲ့ ယန္တရားလည်ပတ်ဖို့ ခက်ခဲနေဆဲဖြစ်သလို ဝန်ထမ်းတွေကိုယ်တိုင် CDM ခေါ် ( အာဏာဖီဆန်မှု ) တွေ ပြုလုပ်နေခြင်းကြောင့် အခက်အခဲကြုံနေရတာကို တွေ့ရပါတယ်။စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဆန္ဒပြလူထုကို ကျဉ်အစစ်သေနပ်တွေနဲ့ ပစ်သတ်နေသလို အင်အားသုံးဖမ်းဆီးနေတာကြောင့် လူထုတွေကြား ပိုမိုမကြေနပ်မှုတိုးပွားမှုကို ရင်ဆိုင်နေရသလို ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတစ်ချို့ဟာ တစ်နေ့တစ်ခြား စစ်မြေပြင်နဲ့ ပိုတူလာနေတာကို တွေ့ရပါတယ်။
ဒါဟာ ဆန္ဒထုတ်ဖေါ်နေတဲ့ လူထုဘက်ကလည်း နောက်မဆုတ်ဘူး ဆိုတဲ့ပုစံမျိုးကို ပြသနေတယ်လို့ဆိုရမှာပါ။ တစ်ဖက်မှာလည်း UN အပါအဝင် အနောက်နိုင်ငံကြီးတစ်ချို့ရဲ့ ဓာဏ်ခတ်ပိတ်ဆို့မှုကို တိုးမြှင့်လာသလို နိုင်ငံအတွင်းစီးပွားရေးကလည်း ဒီနေ့ထိ လုံးဝနီးပါးလည်ပတ်လို့ မရနိုင်သေးပါဘူး။စစ်အာဏာသိမ်း ရက်ပေါင်းလေးဆယ်ကျော်အတွင်း ရန်ကုန်မြို့ကို ရောက်နေတဲ့ တစ်ခြားတိုင်းနဲ့ ပြည်နယ်တွေက ရွေ့ပြောင်းလုပ်သားများစွာက ရန်ကုန်မြို့ကို စတင်စွန့်ခွာနေကြသလို ရန်ကုန်မြို့ဟာမြန်မာနိုင်ငံရဲ့ အဓိက စီပွားရေးမြို့တော်ကြီးလည်းဖြစ်ပါတယ်။ စစ်ကောင်စီအဖွဲ့အနေနဲ့ လက်ရှိအတိုင်းဆက်သွားပါက လူဦးရေထူထပ်ပြီး ကိုဗစ်ရောဂါကြောင့် စားဝတ်နေရေးခက်ခဲနေတဲ့ အခြေခံလူတန်းစားတွေရဲ့ အကျတ်အတည်းကို ဖြေရှင်းဖို့ ခက်ခဲနိုင်သလို မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်းအများဆုံးဖြစ်တဲ့ အခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေး အကျတ်အတည်းကို ပြေလည်အောင်မကြိုးစားနိုင်ပါက နိုင်ငံဟာ လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားတဲ့ အကျတ်အတည်းကို ရင်ဆိုင်ရမှာပါ။
လက်ရှိ ပြည်သူတွေရဲ့ ဆင်းရဲမွေးတေမှုဟာ တစ်နှစ်ကြာ ကိုဗစ် ၁၉ အကျတ်အတည်းကနေ အစပြုလာတာဖြစ်တဲ့အတွက် ဒီအခြေခံလူတန်းစားတွေရဲ့ ထုထည်ကို ဖြေရှင်းဖို့ဟာ အလွန်အရေးကြီးတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ လူထုဆန့်ကျင်လှုပ်ရှားမှုကို မြန်မြန်ဆန်ဆန် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အစွန်းကုန်ကြိုးစားရမှာဖြစ်သလို ဒီဖြေရှင်းနိုင်းရေးကို ဘယ်လို စတင်နိုင်မလဲဆိုတာကသာ နိုင်ငံရဲ့အဖြေဖြစ်ပါလိမ့်မယ်။
လက်ရှိအချိန်မှာတော့ အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း သူ့အုပ်ချုပ်ရေး အောင်မြင်နိုင်ရေးကိုသာ ဦးစားပေးလုပ်ဆောင်နေတာကို တွေ့ရပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ တွေ့ဆုံစကားပြောနေသလို တိုင်းရင်းသားများလိုလားတဲ့ ဖယ်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပေါ်လာရေးနဲ့ ၂၀၀၈ ခြေဥ ဖျက်သိမ်းရေးကို ဦးတည်လာတာကိုတွေ့ရပါတယ်။ ဒါဟာ ဒီနိုင်ငံရဲ့ အပြောင်းအလဲကို တစ်ကယ်ဦးတည်သွားစေမလားဆိုတာလည်း စိတ်ဝင်စားစရာပါ။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဘက်ကလည်း ဖယ်ဒရယ်တပ်မတော် ပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေကြောင်း ပြသနေတာတွေကို တွေ့နေရသလို အာဏာသိမ်းစစ်ကောင်စီဘက်က တစ်စုံတစ်ရာ ညှိနှိုင်းဖြေရှင်နိုင်းရေးလမ်းကြောင်းဟာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ဒီနိုင်ငံရဲ့ အဓိက ပင်မပြဿနာဖြစ်တဲ့ တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟာ လက်နက်ကိုင်တော်လှန်ရေးကို ချုပ်ငြိမ်းပြီး တစ်နိုင်ငံလုံး စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်ပါတယ်။
လက်ရှိတည်ဆဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်တဲ့ (၂၀၀၈) ခြေဥဖျက်သိမ်းရေးမူကို CRPH အနေနဲ့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး မသွားနိုင်ခဲ့ဘူးဆိုရင် အာဏာရှင်စနစ် ကျရှုံးရေး ကြွေးကြော်သံဟာ အရာမရောက်နိုင်ပါဘူး။ ၂၀၀၈ ကိုယ်တိုင်က အာဏာရှင်ကို အကာအကွယ်ပေးထားသလို စစ်တပ်ကို နိုင်ငံရေးမှာ ဦးဆောင်ခိုင်းထားတဲ့ ဥပဒေဖြစ်တဲ့အတွက် နိုင်ငံရဲ့ဒီမိုကရေစီရှင်သန်ရေးဆိုတာ မလွယ်ကူသလို ၂၀၀၈ ခြေဥအရကို စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူမှုဆက်ဖြစ်နေဦးမှာ ဖြစ်တယ်လို့မြင်ပါတယ်။
လက်ရှိ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ (၉၁) ပါတီအနက် စစ်တပ်နဲ့မဟာမိတ်ပါတီပေါင်း (၅၃) ပါတီအထိ ရှိတယ်ဆိုတာကို အာဏာသိမ်းပြီး များမကြာမီ စစ်ကောင်စီက အသစ်ခန့်အပ်တဲ့ ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူပြုလုပ်တဲ့ အစည်းအဝေးက သက်သေပြနေသလို စစ်ကောင်စီကို အပြတ်အသတ်ထောက်ခံ ပူးပေါင်းထားတဲ့ ရခိုင်အမျိုးသားပါတီ၊ ပီသုံးလုံးပါတီ၊ မွန်ပြည်ညီညွတ်ရေးပါတီ တို့လို ပါတီတွေကိုလည်း တွေ့ရပါတယ်။ ဒီနိုင်ငံရေးပါတီတွေမှာ ဒီနိုင်ငံရဲ့ အဓိက ပင်မပြဿနာဖြစ်တဲ့ ဖယ်ဒရယ်တည်ဆောက်ရေး၊ ဒီမိုကရေစီထွန်းကားရေးဟာ အဓိကမဟုတ်ဘဲ စစ်တပ်ကနိုင်ငံရေးမှာ အာဏာတည်မြဲရေးသာ အဓိကပင်မ မူဝါဒဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ပြောရမှာပါ။
အဲဒါကြောင့် CRPH အနေနဲ့ ရွေးချယ်ရမယ့် လမ်းကြောင်းဟာ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပူးပေါင်းကာ ဒီနိုင်ငံရဲ့ ပင်မပြဿနာကို ဖြေရှင်းရင်း စစ်အာဏာရှင်ကို ဖြုတ်ချနိုင်ရေးတစ်ခုသာရှိပါတယ်။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့နဲ့ ကြားဝင်စေ့စပ်နိုင်ရေးကို တရုတ်ဘက်က စဉ်းစားလာနိုင်မလားဆိုတာ ဒီနိုင်ငံမှာအရေးပါသလို သူ့အကျိုးစီပွားအများဆုံး ရှိနေတဲ့အတွက် တရုတ်က ဒီအတိုင်းတော့ ထိုင်ကြည့်နေမှာမဟုတ်ပါဘူးလို့ ထင်ရပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီစနစ်ကို တရားဝင်လက်ခံ မကျင့်သုံးသေးသလို မြန်မာနိုင်ငံမှာ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ ဖယ်ဒရယ်ကိုလည်း ကျင့်သုံးတဲ့နိုင်ငံတော့မဟုတ်ပါဘူး။
နိုင်ငံကို အာဏာစနစ်နဲ့ အုပ်ချုပ်ပြီး နိုင်ငံအတွင်းပဋိပက္ခကို ရှောင်ကြည်အုပ်ချုပ်တဲ့ နိုင်ငံဖြစ်ပါတယ်။ မြန်မာ စစ်ခေါင်းဆောင်များဟာလည်း မြန်မာနိုင်ငံကို တရုတ်နိုင်ငံလို ဖန်တီးထားချင်တဲ့ သဘောထားရှိကြပါတယ်။ သို့သော်လည်း လက်ရှိပဋိပက္ခကို ဖြေရှင်းဖို့က ဖယ်ဒရယ်တည်ဆောက်ရေး နည်းလမ်းသာလျှင် သွေးထွက်သံယို အနည်းဆုံးဖြစ်နိုင်ပြီး မြန်မြန်ဆန်ဆန် ပြေလည်မယ့်နည်းလမ်းလို့ မြင်ပါတယ်။ ဒီနည်းလမ်းဟာ တရုတ်အတွက် ထောက်ခံဖို့ ခက်ခဲနိုင်ပေမယ့် ဒီနည်းလမ်းကို ရွေးချယ်သင့်တယ်လို့တော့ တရုတ်ဘက်က တွေးပါလိမ့်မယ်။ လက်ရှိမြန်မာပြဿနာဟာ ကြားဝင်စေ့စပ်မယ့် နိုင်ငံမရှိဘူးဆိုရင်တော့ တိုက်ပွဲတွေသာ ပြန်လည် ပြင်းထန်လာနိုင်တယ်လို့မြင်ပါတယ်။
နောက်တစ်ခုက လက်ရှိအချိန်အထိ စစ်အာဏာသိမ်းယူမှုနဲ့ ပတ်သတ်ပြီး ရခိုင်ပြည်ဟာ ဆူပူမှုနည်းသလို ၂၀၁၈ နှောင်းပိုင်းကနေ တောက်လျှောက် တိုက်ပွဲပြင်းထန်နေခဲ့တဲ့ ရက္ခိုင့်တပ်တော် အေအေ နဲ့ မြန်မာစစ်တပ်တို့ရဲ့ တိုက်ပွဲကလည်း ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက သေနပ်သံတိတ်သွားခဲ့ပေမယ့် ရက္ခိုင့်တပ်တော် အေအေ နဲ့ မြန်မာစစ်တပ်တို့အကြားမှာ ဘာသဘောတူညီချက်မှ ရထားတာမရှိပါဘူး။ ရက္ခိုင့်တပ်တော် စစ်ဦးစီးချုပ်က ကွန်ဖယ်ဒရိတ်ကို ကြွေးကြော်ထားသလို နိုင်ငံရေးရည်မှန်းချက်ကြီးသူအဖြစ် ထင်းရှားတဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ တရုတ်ရဲ့ BRI စီမံကိန်းထွက်ပေါက်ဖြစ်သလို တရုတ်အကျိုးစီးပွားအများဆုံးရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အနာဂတ်အသက်သွေးကြောဖြစ်တဲ့ အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ကို ပိုင်ဆိုင်ထားတဲ့ ရခိုင်ပြည်နေရာအများစုကို နှစ်နှစ်အတွင်း ရက္ခိုင့်တပ်တော်က နေရာအများစုကို စိုးမိုးထားနိုင်ပြီး ရခိုင်လူထုတရပ်လုံးရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားပါတယ်။ ဒါကြောင့် ရက္ခိုင့်တပ်တော်ဟာ ဒီနိုင်ငံအရေးအတွက်ရော တရုတ်နိုင်ငံ အကျိုးစီးပွားအတွက်ပါ အလွန်အရေးကြီးတဲ့ နယ်မြေမှာရှိနေတာပါ။
လက်ရှိအချိန်မှာ လူတချို့ဝေဖန်ပြောဆိုနေကြသလို ရက္ခိုင့်တပ်တော်ဟာ လက်ရှိ အာဏာသိမ်းယူထားမှုမှာ ငြိမ်နေတာမျိုးလို့တော့ စာရေးသူအနေဖြင့် မမြင်ပါဘူး။ အစောက လူတွေ ထင်ကြေးပေးထားကြတဲ့အတိုင်း ရက္ခိုင့်တပ်တော် ခေါင်းဆောင်ဟာ နိုင်ငံရေးရည်မှန်းချက်ကြီးမားသလို တိုက်ခိုက်ရေးစွမ်းရည် အားကောင်းတဲ့ အင်အားကြီး လက်နက်ကိုင်တပ်ဖွဲ့ကို စနစ်တစ်ကျ ကိုင်တွယ်ထားနိုင်တာကိုကြည့်ရင် ရက္ခိုင့်တပ်တော် လှုပ်ရှားလာနိုင်တဲ့ လှုပ်ရှားမှုအခြေအနေဟာ ရခိုင်ပြည်ရဲ့ အဆုံးအဖြတ်လည်း ဖြစ်သွားနိုင်ပါတယ်။
ဒါကြောင့် CRPH အနေနဲ့ ဒီနိုင်ငံရဲ့ အပြောင်းအလဲကို ဦးဆောင်ကိုင်တွယ်သွားနိုင်ဖို့ လက်နက်ကိုင်အားလုံးပါဝင်ပြီး ကြားဖြတ်အစိုးရဖွဲ့စည်းကာ စစ်အာဏာရှင်ဖြုတ်ချရေးကို ဦးတည်မသွားနိုင်ဘူးဆိုရင် ဒီနိုင်ငံရဲ့ လက်ရှိအကျတ်အတည်းဟာ ဖယ်ဒရယ်ထက် အစိတ်စိတ် အမွာမွာကွဲထွက်ရေးဘက်ကို ဦးတည်သွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။ လက်ရှိအချိန်ဟာ စစ်အာဏာရှင်ကို အားလုံးပူးပေါင်းဖြုတ်ချနိုင်ရေးကနေတစ်ဆင့်သာ နိုင်ငံရဲ့အနာဂတ်ကို တည်ဆောက်နိုင်မှာပြီး လက်ရှိ ဖွဲ့စည်းထားတဲ့ CRPH အနေနဲ့ ရွေးကောက်ခံအစိုးရနဲ့ အပြောင်းအလဲကို ဖေါ်ဆောင်ဖို့ဆက်သွားပါက ဒီနိုင်ငံပြောင်းလဲဖို့ထက် တစ်စစချေမှုန်းနေတဲ့ စစ်အာဏာရှင်ကသာ ရေရှည်မှာ ခိုင်မာသွားနိုင်တယ်လို့ သုံးသပ်မိပါတယ်။
မင်းထီး
https://www.facebook.com/dmgnewsagency/posts/1973263526159382