By Narinjara/ 2021 March 25
ချစ်အိလှိုင်

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ လောင်းချောင်းကျေးရွာတွင် တိုက်နယ်ဆေးရုံတည်ဆောက်ရန် ယမန်နေ့ နံနက် ၈ နာရီခန့်က မြေသန့်မင်္ဂလာပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
၄င်းတိုက်နယ်ဆေးရုံမှာ ၁၆ ကုတင်ဆန့်ဆောက်လုပ်မည်ဖြစ်ပြီး ဆေးရုံဆောက်လုပ်မည့် ၎င်းမြေနေရာကို လောင်းချောင်း ရွာသူ၊ ရွာသားများနှင့် ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးသန်းနိုင်တို့မှ စုပေါင်းဝယ်ယူထားသည့် မြေဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လောင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမြင့်ဌေးက “ ရွာသားတွေကတော့ ဝမ်းသာနေတာပေါ့။ ဒီအနီးအနားက ရွာတွေကလည်း ဝမ်းသာနေကြတယ်။ ဒါပေမယ့် နှစ်နှစ်၊ သုံးနှစ်လောက် အချိန်ယူပြီး ဆောက်ရမယ် ထင်တယ်။ ကလေးမီးဖွားလူနာတွေနဲ့ တစ်ခြားနာမကျန်းဖြစ်တဲ့ လူနာတွေကို ရသေ့တောင်မြို့ပေါ်ကို ပို့ရရင် ဝေးတော့ လမ်းမှာ အခက်အခဲဖြစ်တာတွေရှိတယ်။ အမြန်ဆောက်ပေးစေချင်တယ်” ဟုပြောသည်။
ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ လက်ရှိ လောင်းချောင်း တိုက်နယ်ဆေးရုံကို တာဝန်ယူတည်ဆောက်ပေးနေသည့် သန်းနိုင်နှင့် မိသားစု ကုမ္ပဏီပိုင်ရှင် ဦးသန်းနိုင်က “ဆေးရုံဆောက်ဖို့ ၂ဝ၂ဝ-၂၁ ဘတ်ဂျက်က သိန်းတစ်ထောင်ကျတယ်။ အကုန်လုံး သိန်း ခုနှစ်ထောင်ကျော် ကုန်ကျမှာဖြစ်တယ်။ သုံးနှစ်လောက်ကြာမှ ပြီးမယ့်ပုံဆိုပေမယ့် ရွာသားတွေက နောက်နှစ် အပြီး ဆောက်ပေးဖို့ကို တောင်းဆိုနေကြတယ်။ ကျွန်တော့မှာလည်း ဒီလောက်ပမာဏ စိုက်ပေးဖို့ အဆင် မပြေပေမယ့် ကြိုးစားပေးသွားဖို့ ပြောထားရတယ်။ မနေ့ကတော့ မြေသန့်ပြီးပြီပေါ့” ဟုပြောသည်။
၄င်းတို့ရသေ့တောင်မြို့နယ်တွင် လောင်းချောင်းကျေးရွာတိုက်နယ်ဆေးရုံအပါအဝင် ငါးခု ရှိနေပြီ ဖြစ်ကာ ယင်းတိုက်နယ်ဆေးရုံတို့တွင် ကျန်းမာရေး ဝန်ထမ်းများ လိုအပ်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ခင်စောဝေက ပြောသည်။
“ဒီနေရာတွေက တကယ်လိုအပ်တဲ့နေရာတွေပါ။ ကျန်းမာရေးဝန်ထမ်းတွေကိုတော့ အပြည့်အစုံ ချပေးဖို့လိုအပ်ပါတယ်။ အခု လောင်းချောင်းတိုက်နယ်ဆေးရုံကို ဦးသန်းနိုင်တို့ ဦးဆောင်ပြီး လုပ်နေတာကိုလည်း ဝမ်းသာတယ်။ ရွာသားတွေလည်း ဝမ်းသာနေကြတယ်။ ရသေ့တောင်မြို့နဲ့လည်း ဝေးတော့လေ။ သွားရေးလာရေးအခက်အခဲရှိကြတဲ့ရွာတွေမှာက ကျန်းမာရေးအတွက် လိုအပ်ချက်တွေရှိတယ် ” ဟု ပြောသည်။
ရသေ့တောင်မြို့နယ်တွင် လူဦးရေ ၁၄ဝဝဝဝ ခန့်ရှိပြီး ရသေ့တောင်ဆေးရုံကြီးအပါအဝင် စေတီပြင် တိုက်နယ်ဆေးရုံ၊ ကူတောင်တိုက်နယ်ဆေးရုံ၊ ဦးဂါတိုက်နယ်ဆေးရုံ၊ ကျောက်တန်း တိုက်နယ်ဆေးရုံနှင့် ယခု လောင်းချောင်းတိုက်နယ်ဆေးရုံ ၅ ခုရှိကြောင်း ဒေါ်ခင်စောဝေက ပြောသည်။
https://www.facebook.com/151742128171206/posts/4161162390562473/