By Narinjara/ 2021 March 9
ဇွဲဓန (ကိန်းသာမြေ)
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာတွင် မှားယွင်းဖမ်းဆီးခံရသည့် စက်ချုပ်သည့်အမျိုးသမီးငယ် မယွန်းသိဂီင်္နိုင်နှင့် သုံးရက်ကြာလာသည်အထိ အဆက်အသွယ်မရသဖြင့် မိသားစုများအနေဖြင့် အထူးစိုးရိမ်နေကြသည်ဟု ပြောဆိုသည်။သူမနှင့် အတူနေထိုင်သူ မစန်းစန်းသွယ်က “ ဒီနေ့မနက်က အင်းစိန်ထောင်ကို သွားကြည့်ပါတယ်။ အခြေအနေ တစ်ခုခု ထူးမလားလို့ ။ ဘာမှ သတင်းမရခဲ့ဘူး။ အခု သူ့အတွက် စိုးရိမ်စရာ ဖြစ်နေပါပြီ”ဟု ပြောသည်။ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ ဇာတိဖြစ်သော မယွန်းသိဂီင်္နိုင် (၁၉) နှစ်သည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာ၊ ရန်ကြီးအောင်လမ်း၊ ည/၁၁ ရပ်ကွက်၊ အိမ်အမှတ် (၈၆၆)၊ ဇလပ်ဝါအပ်ချုပ်ဆိုင်တွင် စက်ချုပ်နေစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆန္ဒပြသူများနှင့် မှားယွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မစန်းစန်းသွယ်က ပြောသည်။“ ကျမတို့က ဆန္ဒပြနေတာ မဟုတ်ဘူး။ ဆိုင်ထဲမှာ စက်ချုပ် နေတာပါ။ တံခါးတွေကို ပိတ်ပြီး နေကြတာပါ။ ကျမတို့ဆိုင်က လမ်းမကြီးဘေးနားမှာပေါ့။ ဆိုတော့ လမ်းပေါ်မှာ ဆန္ဒပြလာတဲ့ လူတွေက ဆိုင်ရှေ့မှာ ရောက်လာကြတယ်။ အဲဒီဆန္ဒပြတဲ့ လူတွေထဲက လူ လေးယောက်က ကျမတို့ ဆိုင်ခန်းထဲကို ဝင်ပြေးလာကြတယ်။ အဲဒီမှာပဲ သူတို့ရဲ့ နောက်ကို ရဲတွေက လိုက်လာတာပေါ့။ ပြီးတော့ ရဲတွေက ကျမတို့ ဆိုင်းခန်း အတွင်းတံခါး ပိတ်ထားတာကို သေနတ်ဘောင်နဲ့ ထုရိုက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ ရဲတွေက သေနတ်နဲ့ လေး- ငါးချက်လောက် ပစ်ခဲ့တယ်။ အဲသလို ဖြစ်တယ်ဆိုတော့ ကျမတို့လည်း ထွက်ပြေးတာပေါ့။ သူလည်းထွက်လို့ပြေးတာပေါ့။ ထွက်ပြေးပေမဲ့ သူက ရဲတွေနဲ့ ရှေ့ဆိုင်တိုးဆိုတော့ မလွတ်လိုက်ဘူး။ သူ့ကို ဖမ်းခေါ်တယ်။ ဖမ်းခေါ်သွားတာက အင်းစိန်ထောင်ကို ခေါ်သွားတယ်လို့ သိရတယ်။ ကျမတို့အိမ်ကို ဝင်လာတာက ရဲတွေလည်းပါတယ်။ စစ်သားတွေလည်းပါတယ်။ ဖမ်းသွားတာက ရဲတွေက ဖမ်းခေါ်သွားတာပါ။ ရဲတွေက အယောက် ၂၀ လောက်ပါတယ်” ဟု ပြောသည်။မယွန်းသိဂီင်္နိုင်မှာ သာမန်စက်ချုပ်နေသည့် အမျိုးသမီးငယ်တစ်ဦးသာဖြစ်သဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးစေချင်ကြောင်း၊ ဆန္ဒပြသူတစ်ချို့နှင့် ရောနှော မှားယွင်းဖမ်းဆီးခံရခြင်း ဖြစ်သဖြင့် သမီးဖြစ်သူအား အမြန်ပြန်လည်လွတ်ပေးစေချင်ကြောင်း မယွန်းသိဂီနိုင်၏ မိခင်ဖြစ်သူ ဒေါ်ယုယုက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။“ ကျမသမီးကို ဖမ်းသွားတာ မတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီလောက်ကဖြစ်တယ်။ ကျမရဲ့ သမီးက အင်းစိန်ထောင်မှာလို့ သိရတယ်။ ကျမရဲ့ သမီးက သူ့အဒေါ်နဲ့ အဲဒီမှာ စက်ချုပ်နေတာပါ။ သူတို့က တံခါးတွေကို ပိတ်လို့ အလုပ် လုပ်နေတာလို့ ပြောတယ်။ အပြင်ကိုလည်း ထွက်တာမဟုတ်ဘူး။ သူတို့က ဆန္ဒပြတာလည်း မဟုတ်ဘူး။ ကျမ သမီးတို့နေတဲ့ အိမ် တံခါးကို သေနတ်ဘောင်တွေ ထုရိုက်ပြီး ဆိုင်ထဲကို ဝင်လာတယ်လို့ ပြောတယ်။ အိမ်ထဲကိုဝင်လာပြီး ကျမရဲ့ သမီးကို ဆွဲခေါ်သွားတာပါ။ ကျမရဲ့ သမီးနဲ့ အတူနေတဲ့ တစ်ယောက်ပြောတာက စစ်သားနဲ့ ရဲသားတွေ ဖမ်းခေါ်သွားတယ်လို့ ပြောတယ်။ အိမ်သုံးပစ္စည်းတွေတော့ အကုန်လုံးပျက်စီးသွားလို့ သိရတယ်။ ကျမအနေနဲ့က ကိုယ့်ရဲ့သမီးတစ်ယောက်ကို အခုလိုမျိုးဖမ်းခေါ်သွားတယ်ဆိုတော့ အလွန်စိတ်မကောင်းဖြစ်မိတယ်။ ကျမရဲ့ သမီးကို ပြန်လွတ်ပေးစေချင်တယ် ” ဟု ပြောသည်။သူမ လွတ်မြောက်ရေးအတွက် ရခိုင်အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဆောင်ရွက်နေကြောင်း ရွှေပြည်သာမှ ဦးမင်းစိုးမင်းက ပြောသည်။“ အခု သတင်းရတာက ဖမ်းဆီးခံရသူတွေကို အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်းထားတယ်လို့ကြားသိရပါတယ်။ သူမက စက်ချုပ်နေတဲ့ အမျိုးသမီးငယ် တစ်ဦးပါ။ရန်ကုန်ရောက်ပြီး စက်ချုပ်နေတာ သုံးနှစ်လောက်ရှိပြီလို့ သိရပါတယ်။ သူမက ဆန္ဒပြသူတွေနဲ့ မှားပြီး ဖမ်းသွားတယ်လို့ သိရပါတယ်။ သူမ လွတ်မြောက်ရေးအတွက် ရခိုင်အရပ်ဖက် အဖွဲ့အစည်းတွေက ကြိုးစားဆောင်ရွက်နေပါတယ်” ဟု သူက ပြောသည်။
https://www.facebook.com/151742128171206/posts/4114674648544581/