By Narinjara/ 2021 March 23
ဇွဲဓန(ကိန်းသာမြေ)
ရန်ကုန်မှ ရခိုင်သို့ ပြန်လာသည့် ရခိုင်အလုပ်သမားများ အထဲတွင် စစ်ဘေးရှောင်စခန်းမှ ရန်ကုန်သို့ သွားရောက် အလုပ်လုပ်ကိုင်နေသည့် မိသားစုဝင်များလည်း ပါဝင်လာကြောင်း သတင်းရရှိသည်။
ရန်ကုန်တွင် ဖြစ်ပွားနေသည့် ဆန္ဒပြမှုအတွင်း အသက်အန္တရာယ်ကို စိုးရိမ်ရသည့် အခြေနေသို့ ရောက်ရှိလာသဖြင့် မိဘများရှိသော စစ်ဘေးရှောင်စခန်းသို့ ပြန်လာရခြင်း ဖြစ်ကြောင်း ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် ခိုလှုံလျက်ရှိသည့် မအေးချမ်းမြင့်က ပြောသည်။
“ ရန်ကုန်မှာက ဆန္ဒပြတဲ့အပြင် ဆူပူမှုတွေက ပိုများလာတယ်။ ပြီးတော့ စက်ရုံအလုပ်ရုံတွေကိုလည်း အများစုက ပိတ်ထားတယ်။ နေထိုင်စားသောက်ရေးတွေလည်း အဆင်မပြေတော့ဘူး။ အသက်အန္တရာယ်ကိုလည်း စိုးရိမ်ရတဲ့ အခြေအနေကို ရောက်လာတယ်။ ပြီးတော့ ပေးတဲ့ လစာကလည်း ပုံမှန်ထက် လျော့သွားတယ်။ အဲဒါကြောင့် ရန်ကုန်က ပြန်လာတာပါ။”
လက်ရှိတွင် စစ်ဘေးရှောင်စခန်းသို့ ပြန်လာရသဖြင့် စားဝတ်နေရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်ကြောင်း၊ ကိုယ့်ဒေသတွင် အလုပ်အကိုင်ရရှိမည်ဆိုပါက ရန်ကုန်သို့ မပြန်လိုတော့ကြောင်း သူမက ပြောဆိုသည်။
“ ရန်ကုန်က ပြန်လာရင် ကိုယ့်ရပ်ရွာမှာ နေချင်တယ်။ နေချင်ပေမယ့် နေလို့မရဘူး။ မိဘတွေရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ နေရတယ်။ ဒီလို စစ်ရှောင်စခန်းမှာ ဘယ်သူမှ နေချင်ကြမှာမဟုတ်ဘူး။ ပြီးတော့ ဒီမှာက အလုပ်အကိုင်တွေလည်းမရှိဘူး။ အလုပ်အကိုင်ရှိရင် ကိုယ့်ဒေသမှာဘဲ နေချင်ပါတယ်” ဟု ပြောသည်။
ရန်ကုန်က ရခိုင်သို့ ပြန်လာကြသော စစ်ဘေးရှောင် မိသားစုဝင်များအား စစ်ရှောင်စခန်းတွင် ကူညီထောက်ပံ့မှု ရရှိစေရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးဝင်းလှအောင်က ပြောဆိုသည်။
“ ကျနော်တို့ စခန်းမှာ ရန်ကုန်က ပြန်လာတဲ့ စစ်ဘေးရှောင်မိသားစုဝင် ငါးယောက် ရှိတယ်။ အဲဒီလူတွေကို သူတို့နဲ့သက်ဆိုင်တဲ့ မိသားစုဝင် လူဦးရေစာရင်းမှာ ထည့်သွင်းထားတယ်။ သူတို့အတွက် ထောက်ပံ့မှု စားစရိတ်တွေ ရရှိဖို့အတွက် ဆောင်ရွက်ပေးနေတယ်” ဟု ပြောသည်။
ရန်ကုန်မှ ရခိုင်ပြည်သို့ ပြန်လာသော်လည်း မိမိကျေးရွာတွင် နေထိုင်ခွင့်မရသည့်အပြင် ဒုက္ခသည် စခန်းတွင် အလုပ်လက်မဲ့ဖြစ်နေရသဖြင့် စိတ်ညစ်နေရကြောင်း ယခုလက်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းသို့ ပြန်ရောက်ရှိလာသည့် ကျောက်တော်မြို့နယ် တင်းမကြီးကျေးရွာက မနီနီစောက ပြောသည်။
“ကျမက ရန်ကုန်မှာ အထည်ချုပ်စက်ရုံမှာ လုပ်ခဲ့တယ်။ ဆင်းလာရတာကတော့ ဆန္ဒပြတာတွေ ပိုများလာလို့ဖြစ်တယ်။ နေထိုင်ရတာတွေလည်း အဆင်မပြေဘူး။ ညဉ့်တွေဆိုရင် အိပ်လို့လည်း မရဘူး။ အဲဒီမှာက ဆူပူမှုတွေ ပိုများလာတယ်။ နောက်ဆိုတော့ ဆန္ဒပြဖို့ မလိုက်ရင် ပြဿာနာ ရှာမှာကို စိုးရိမ်တယ်။ အဲဒါကြောင့် ဆင်းလာတာပါ။ မိဘတွေလည်း စိတ်ပူတယ်။ ရန်ကုန်က ဆင်းလာရင်လည်း ရွာကိုပြန်ချင်လို့ မပြန်ရဘူး။ ဒုက္ခသည်စခန်းမှာ နေရတယ်။ အလုပ်လည်းမရှိဘူး။ အလုပ် မရှိလို့ အခု ရေခဲချောင်း ရောင်းနေပါတယ်။ အဆင်မပြေဘူး။ ရွာကို ဘယ်တော့ ပြန်ရမှာကို မသိရသေးဘူး” ဟု ပြောသည်။
ရန်ကုန်က ညောင်ချောင်း စစ်ဘေးရှောင်စခန်းသို့ ပြန်လာသူ ၂၀ ကျော်ရှိပြီး သူတို့အတွက် ကူညီ ထောက်ပံ့မှုရရှိစေရန် ကြိုးစားဆောင်ရွက်နေကြောင်း ညောင်ချောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က ပြောသည်။
“ ရန်ကုန်က ပြန်လာကြတဲ့ စစ်ရှောင်မိသားစုဝင် ၂၀ လောက်ရှိတယ်။ သူတို့နဲ့ ပတ်သက်လို့ ကျနော်တို့က ကူညီပေးရမှာပဲ။ ဘာကြောင့်ဆိုတော့ သူတို့မှာ သွားစရာနေရာမရှိဘူး။ မိဘရှိတဲ့ နေရာကို သားသမီးတွေက လာကြမှာပဲ။ WFP ကလည်း ကုန်ခဲ့တဲ့ အပတ်က စာရင်း ကောက်ယူ သွားတယ်။ ပြန်လာကြတဲ့ လူတွေက ဒီစခန်းမှာ သိပ်မများသေးပါဘူး။ နှစ်ဆယ်ကျော်လောက် ပဲရှိမှာပါ။ ဒီထက်များလာရင် သက်ဆိုင်ရာ မြို့နယ်ကို တင်ပြဖို့ရှိတယ်” ဟု ပြောသည်။
ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းတွင်လည်း ရန်ကုန်က ပြန်လာသော စစ်ဘေးရှောင် မိသားစုဝင် တစ် ဦး ရောက်ရှိနေကြောင်း စခန်းတာဝန်ခံ ဦးမောင်ထွန်းဝေက ပြောဆိုသည်။
ရခိုင်သို့ ပြန်လာကြသည့် စစ်ဘေးရှောင်များမှာ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင် ၂၀ ကျော်၊ မြေပုံမြို့နယ် ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် ၅ ဦး၊ ဘူးသီးတောင်မြို့ မြတောင်စစ်ဘေးရှောင်စခန်းတွင် ၃ ဦးတို့ဖြစ်သည်။
တစ်ခြားသော စစ်ဘေးရှောင်စခန်းများတွင်လည်း အနည်းငယ်စီ ရောက်ရှိနေကြောင်း သိရသည်။
ရန်ကုန်တွင် ဆန္ဒပြပွဲများ နေ့စဉ်ရက်ဆက် ဖြစ်ပေါ်နေသဖြင့် စားဝတ်နေရေး အခက်အခဲ ကျရောက် လာရာမှ ရန်ကုန်မှ ရခိုင်သို့ ပြန်လာသည့် ရွေ့ပြောင်းအလုပ်သမား ၂၀၀၀၀ ကျော်ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရှိရသည်။
https://www.facebook.com/narinjara.info/posts/4154757904536255