ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပုကို ယနေ့ မတ်လ ၁၇ ရက်နေ့ အွန်းလိုင်းမှရုံးထုတ်စစ်ဆေးကာ လာမည့် မတ်လ ၃၁ ရက်ကို ထပ် မံရုံးချိန်းထားပြီး ယင်းရုံးချိန်းတွင် တရားလိုဖြစ်သည့် စစ်တွေမြို့နယ် ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းအား စစ်ဆေးသွားမည်။

By Western News/ 2021 March 17

ယနေ့ရုံးချိန်းတွင် ပြီးခဲ့သည့် ရုံးချိန်းက မြို့နယ်မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးကို အပြီးသတ်ပြုလုပ်ပြီး နောက်ရုံးချိန်းကို မတ်လ ၃၁ ကိုချိန်းဆိုကာ တရားလိုကိုစစ်ဆေးသွားမည်ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းကပြောသည်။

“ရုံးထုတ်တာတော့ အွန်းလိုင်းကပေါ့။ ဒီနေ့ ရုံးချိန်းမှာ ဆိုရင် ပြီးခဲ့တဲ့ အပတ်က မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေးကို အပြီးသတ် အစည်းအဝေးလုပ်ပါတယ်။ နောက်ထပ်ရုံးချိန်းကိုတော့ ၃၁ ရက်နေ့ကို ချိန်းဆိုထားပါတယ်။ အဲဒီနေ့ ရုံးချိန်းမှာ စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကိုစစ်ဆေးသွားမှာပါ”ဟုပြောသည်။

လက်ရှိတွင် ဝန်ကြီးချုပ် ဦးညီပုကို စစ်တွေတပ်နေ အတွင်းမှ ဒေသကွတ်ကဲရေးစစ်ဌာနချုပ်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီးကျန်းမာရေး ကောင်းမွန်ကြောင်းလည်း ရှေ့နေ ဦးငြိမ်းချမ်းကဆက်ပြောသည်။အဆိုပါအမှုတွင် တရားလိုပြ သက်သေ ၅ ဦးထိရှိပြီး စစ်တွေမြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော် အကြည်ညို ပျက်စေမှု ဥပဒေပုဒ် မ ၅၀၅ (ခ) ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရားစွဲဆိုထား ခြင်းလည်းဖြစ်သည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် ဖေဖော်လ ၁ ရက်နေ့တွင် ဦးညီပု ဖမ်းဆီးခံရပြီး ပြန်လည်လွတ်မြောက်လာကာ နေအိမ် အကျဉ်းဖြင့်နေနေစဉ် ဖေဖောဝါရီ ၉ ရက်နေ့က ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုတစ်ခုကို ၎င်း၏ ဖေ့ဘွတ် လူမှု ကွန်ရက်ပေါ်တွင် တင်ခဲ့သည်။

ယင်းနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၁ဝနာရီခန့်တွင် ဂွမြို့ရှိ ၎င်းတို့နေအိမ်မှ စစ်တပ်နှင့် ရဲတို့က ဦးညီပုအားထပ်မံဖမ်းဆီး ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/westernnewsagency/posts/251363520003493

Leave a Reply

Your email address will not be published.