By Narinjara/ 2021 March 24
ခိုင်လူလှ (ရိုးမမြေ)
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို တစ်ခြားပြည်နယ်နှင့်တိုင်း ဝန်ကြီးချုပ်တချို့နှင့်အတူ အဂတိ လိုက်စားမှုရှိ၍ စစ်ဆေးနေသည်ဟု ယမန်နေ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) သတင်းထုတ်ပြန်ရေးအအဖွဲ့ သတင်းစာ ရှင်းလင်းပွဲတွင်ပြောကြားသွားခဲ့သည်။
ပြည်ထောင်စုအဆင့် အဖွဲ့ဝင်အချို့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်အဖွဲ့ဝင်အချို့၏ လာဘ်ပေး၊ လာဘ်ယူမှု၊ မသမာမှုများကို ဖော်ထုတ်လျက်ရှိပြီး ယခင်ဝန်ကြီးချုပ်များဖြစ်ကြသည့် ဒေါ်နန်းခင်ထွေးမြင့်၊ ဦးဝင်းသိန်း၊ ဦးညီပုနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်တို့သည် အဂတိ လိုက်စားမှုများရှိသည့်အတွက် အဂတိတိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ရေးအအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
ဦးညီပုကို လွန်ခဲ့သည့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ည ၁ဝ နာရီကျော်က ၄င်း၏ ဂွမြို့နယ်နေအိမ်မှ တပ်မတော်သားများက ဖမ်းဆီးသွားခဲ့သည်။
ယင်းနောက်ပိုင်း နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅(ခ)ဖြင့် အမှုဖွင့်ခဲ့ပြီး စစ်တွေမြို့ရှိ တပ်စခန်း တစ်ခုတွင် ထိန်းသိမ်းထားကြောင်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်း၏ ပြောကြားထားသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၏ အမှုနှင့်ပတ်သက်ပြီး မတ်လ ၁၇ ရက်နေ့က ဗွီဒီယိုအွန်လိုင်းဖြင့် စစ်တွေမြို့နယ် တရားရုံးမှ မှုခင်းစီမံခန့်ခွဲမှု ပြုလုပ်ခဲ့ပြီး လာမည့် မတ်လ ၃၁ ရက်နေ့တွင် တရားလိုဖြစ်သူ စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကိုစတင်စစ်ဆေးမည်ဟု သိရသည်။
ဦးညီပု၏အမှုကို အမှုအားလိုက်ပါဆောင်ရွက်ပေးသူ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဒါရိုက်တာဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်း(ခ) ငြိမ်းချမ်းက“ ဦးညီပုကတော့ တပ်ထိမ်းချုပ်မှုအောက်မှာ ပဲရှိတယ်လို့ သိရတယ်။ အွန်လိုင်းကတော့ တွေ့လိုက်ရပါတယ်။ သာကြောင်းမာကြောင်းမေးဖြစ်ပါတယ်။ ဘယ်တပ်ထဲမှာလည်းတော့မသိဘူး။ ကျန်းကျန်းမာမာပါပဲ။ လာမယ့်ရုံးချိန်းမှာ တရားလိုကိုစစ်ဆေးမယ်ပေါ့။” ဟု နိရဉ္စရာသတင်းဌာနသို့ ပြောသည်။
ဦးညီပု၏ သမီးဖြစ်သူ မမိုးဆန်းစုကြည်က ယခုအချိန်ထိ ဖခင်ဖြစ်သူနှင့် တွေ့ဆုံခွင့် မရရှိသေးသလို မည်သည့်နေရာတွင် ရောက်ရှိနေကြောင်းလည်း သိခွင့်မရသည့် အတွက် သူ့ကျန်းမာရေးအား စိုးရိမ် ပူပန်မှု ဖြစ်နေရကြောင်း ပြောကြားသည်။
ယမန်နေ့ က ပြုလုပ်သည့် သတင်းရှင်းလင်းပွဲတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုလည်း ငွေရေးကြေးရေးဆိုင်ရာ အချက်အလက်များကို အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဒေါ်အောင်ဆန်းစုကြည်ထံ အမေရိကန်ဒေါ်လာ ၆ သိန်း၊ အကယ်ဒမီရွှေ ၇ ပိဿ(၁၁ ဒသမ ၄၃၁ ကီလိုဂရမ်) ပေးခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဦးဖြိုးမင်းသိန်း ကိုယ်တိုင် ပြောကြားထားသည့် ဗီဒီယိုဖိုင်ကို ဖွင့်လှစ် ပြသသွားခဲ့သည်။
https://www.facebook.com/151742128171206/posts/4157096590969053/