ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လေယာဉ်ဖြင့်သွားလာသူများ ကိုဗစ်ပိုး စစ်ရန်မလိုတော့

By Western News/ 2021 May 24

ရခိုင်ပြည်နယ်မှ ရန်ကုန်သို့ လေကြောင်းလိုင်းများဖြင့်သွားလာသူများယခင်က ကိုဗစ်ပိုးစစ်ဆေးမှုပြုလုပ်ရသော်လည်း ယခုလ မတ် ၂၃ ရက်နေ့ စတင်၍ စစ်ဆေးမှုများမလုပ်တော့ဘဲ သွားလာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းကိုယ်စားလှယ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် သြဂုတ်လဒုတိယအပတ်ကစတင်ကာ ယခုနှစ်မတ်လအထိ ရခိုင်ပြည်နယ် စစ်တွေမြို့မှ တစ်ခြားမြို့သို့ လေကြောင်းလိုင်းများဖြင့် သွားလိုသူများကို စစ်တွေမြို့အ.ထ.က ၄ စာသင်ကျောင်းတွင် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိကို စစ်ဆေးမှုမျာပြုလုပ်ရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားနေမှုလျော့နည်းသွားသည့်အတွက် အဆိုပါကိုဗစ် ၁၉ ရောဂါတို့ဖက်စစ်ဆေးမှုကို ယခုနှစ် မတ်လ ၂၂ ရက်နေ့ကစတင်ကာ စစ်ဆေးမှုကိုရပ်တန့်လိုက်ပြီဖြစ်ကြောင်း ကိုဗစ်ပိုးရှိ၊ မရှိတာဝန်ယူစစ်ဆေးနေသည့် ဒေါက်တာကြည်ကြည်သာက Western News ကို ပြောသည်။

ကိုဗစ် ၁၉ ရောဂါစစ်ဆေးတုန်းကဆိုလျင် ရခိုင်ကနေ လေယာဉ်ဖြင့် သွားလာလိုသူများမှာ တစ်ရက်ကြိုတင်ကာပြီး ငွေကျပ် ၁၀၀၀၀ ကျပ်စီဖြင့် ကိုဗစ်ပိုးစစ်ဆေးမှုပြုလုပ်ရပြီး ကိုဗစ်ရောဂါမတွေ့ရှိမှသာ လေယာဉ်စီးနင်းခွင့်ရသည်။

ယင်းအပြင် ခရီးသည်များမှာ ကိုဗစ် ၁၉ ရောဂါစစ်ဆေးမှုခံယူခဲ့ရသည့်အတွက် အချိန်ကုန်၊ ငွေကုန်၊ အလုပ်ရှုပ်ခဲ့ရသည်ဟု ရခိုင်မျိုးနွယ်များအစည်းအရုံးမှ အထွေထွေအတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။

“ကိုဗစ်ပိုး စစ်ပြီးတုန်းကဆိုရင် လေယာဉ်လက်မှတ်တွေဖြတ်ထားပြီးမှ ပိုးသွားစစ်ရတော့ အချိန်ကြာတာတွေရှိတယ်။ ပြီးတော့ ကိုဗစ်ပိုးတွေ့ရင် လေယာဉ်လက်မှတ်တွေ ပြန်ပြီး ပြန်ရောင်းရတယ်။ အလုပ်တွေရှုပ်တယ်ပေါ့။ အချိန်တွေလည်း ကုန်တယ်။ ငွေ တွေလည်းကုန်တယ်။ အလုပ်တွေလည်းရှုပ်တာပေါ့”ဟုပြောသည်။

ယင်းသို့ ကိုဗစ် – ၁၉ ‌ရောဂါစစ်ဆေးမှုကို ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ AHCT အမည်ဖြင့် ကူညီဆောင်ရွက်ပေးနေသည့် ဒေသခံ အဖွဲ့ ၆ ဖွဲ့က စစ်ဆေးခြင်းဖြစ်သည်။

၎င်းအဖွဲ့ ၆ ဖွဲ့တို့မှာ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၊ ဝံလက်ဖောင်ဒေးရှင်း၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ရှေ့ဆောင်အဖွဲ့၊ ပြည်သူများ အတွက်ပြည်သူ၊ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်နှင့် ရပ်ရွာလူထုစွမ်းဆောင်ရည်နှင့်ဘေးဒဏ်ခံနိုင်စွမ်းတိုးမြင့် ရေးအဖွဲ့တို့ဖြစ်သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ ကိုဗစ်ပိုးတွေ့လူနာများမှာ မရှိသလောက်ရှားပါးခဲ့ပြီဖြစ်သည့်အတွက် Stay home အမိန့်ကိုလည်း ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် ပယ်ဖျက်ပြီးဖြစ်သည်။

https://www.facebook.com/102405104899336/posts/257050396101472/

Leave a Reply

Your email address will not be published.