ရခိုင်ပြည်နယ်မှ ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး

By Narinjara/ 2021 March 10

ဇွဲဓန (ကိန်းသာမြေ)

ရခိုင်ပြည်နယ်အတွင်းရှိ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့ နံနက်က စစ်တွေမြို့၊ အထက (၂) စာသင်ကျောင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။အဆိုပါကိုဗစ်ကာကွယ်ဆေးထိုးရာ၌ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ(ပစက) အဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းသန်းနှင့် တာဝန်ရှိသူတချို့ တို့ တက်ရောက်ခဲ့သည်။ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းတွင် ၁၁၅ ဦးနှင့် ညနေပိုင်း ၁၁၅ ဦး၊ စုစုပေါင်း ဝန်ထမ်းပေါင်း ၂၃၀ ဦးအား ထိုးပေးခဲ့သည်ဟု တာဝန်ရှိသူ အပြောအရ သိရသည်။ ကျန်ရှိသော ဝန်ထမ်း ၇၀ ဦးအား မတ်လ ၁၁ ရက်နေ့တွင် ဆက်လက် ထိုးပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ဒုတိယ အသုတ် စုစုပေါင်း ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းပေါင်း ၃၀၀ ဦးအား ထိုးပေးသွားမည်ဟု သိရသည်။ ရခိုင်ပြည်နယ်ထဲက ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄၀၀ ကျော် အတွက် စစ်တွေမြို့ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပထမအသုတ် ဆေးများရောက်ရှိလာခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့များတွင် ဦးစားပေးအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများကို ထိုးပေးခဲ့ကြောင်း သိရသည်။ဒုတိယအသုတ် အဖြစ် ဆေးလုံးရေ ၃၆ဝဝဝ မတ်လ ၇ ရက်နေ့ စစ်တွေသို့ ရောက်ရှိလာခဲ့သည်ဟု ကျန်းမာရေးဌာနတွင် လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။ခရိုင်အဆင့် ဌာနဆိုင်များ အထဲတွင် ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဘေးအန္တာရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စက်မှုကြီးကြပ်ရေးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန၊ စားသုံးသူဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ရွေးကောက်ပွဲမရှင်၊ လဝက ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ ခရိုင်စာရင်းစစ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာ အသီးသီး ပါဝင်သည်ဟု သိရသည်။

https://www.facebook.com/151742128171206/posts/4117610871584292/

Leave a Reply

Your email address will not be published.