ရခိုင်တွင် သင်္ကြန်ကာလအတွင်း အပျော်အပါးလွန်ကျူးမှုကို မပြသကြရန် လက်ကမ်းစာစောင်များဖြန့်‌‌ဝေ မေတ္တာရပ်ခံ

By Development Media Group (DMG) / 2021 March 31

တခြားသော တိုင်းနှင့် ပြည်နယ်များတွင် ပြည်သူများရာနှင့်ချီ သေဆုံးနေကြပြီး စိတ်မချမ်းမြေ့ဖွယ်ခံစားနေရသည့် အချိန်ကာလဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသည့်ပြည်သူပြည်သားများအနေဖြင့်သင်္ကြန်ကာလတွင် အပျော်အပါးလွန်ကျူးမှုများ မပြသကြရန် မဟာရက္ခိတအဖွဲ့ကမေတ္တာရပ်ခံလိုက်သည်။

မတ်လ ၃၁ ရက် ယနေ့ မနက်ပိုင်းက စစ်တွေမြို့လမ်းမကြီး ဘီလူးမတံတားတစ်လျှောက်နှင့် လူမှုအဖွဲ့အစည်းရုံးများသို့သွားရောက်ပြီး မဟာရက္ခိတအဖွဲ့ ကလက်ကမ်းစာစောင်များကို ဖြန့်‌ဝေပေးခဲ့သည်။တစ်ခြားတိုင်းနှင့်ပြည်နယ်မှ ပြည်သူများ စိတ်မချမ်းမြေ့ဖွယ်ခံစားနေရသည့်ကာလဖြစ်၍ မိမိတို့ရခိုင်ပြည်သူများအနေဖြင့် သင်္ကြန်ကာလတွင် ကားကြီးကားငယ်များဖြင့် ဆောင်းဘောက်စ်များနှင့် အပျော်အပါးလွန်ကျူးမှုမပြသစေလိုကြောင့် ယခုကဲ့သို့ မေတ္တာရပ်ခံအသိပေးရခြင်းဖြစ်သည်ဟု မဟာရက္ခိတအဖွဲ့မှ ဥက္ကဌ ဦးအောင်သန်းနုကပြောသည်။

“ ဒီစာရွက်ဖြန့်ရတာဟာ ဗမာပြည်ဘက်တွေမှာဆိုရင် လူတွေဟာ ရာတွေချီပြီးသေနေကြတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူ ပြည်သားတွေ အနေနဲ့ ဒီအပေါ်မှာ ထပ်တူထပ်မျှခံစားနေရတယ်။ ဒါကြောင့် သင်္ကြန်ကာလမှာ ကားကြီး ကားငယ်တွေ ဆောင်းဘောက်စ်တွေနဲ့ အပျော်အပါးလွန်ကျူးတာကို မလုပ်ကြဖို့ကျွန်တော်တို့က မေတ္တာရပ်ခံရတာဖြစ်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ စစ်ဘေးစစ်ဒဏ်သင့်နေတဲ့ အချိန်မှာတစ်ချို့ကလျစ်လျူရှု့ထားကြပေမယ့် အဲ့ဒါတွေကို အာဃတ အငြိုးတွေမထားဘဲထပ်တူဝမ်းနည်းကြောင်းမေတ္တာတွေနဲ့ ပြန်ပြီးတုန့်ပြန်ဖို့လိုပါတယ်။ ဒါကြောင့်အားလုံးမေတ္တာရပ်ခံတာပါ”ဟု ပြောသည်။

ပြည်သူများ သေဆုံးနေကြသည့်အချိန်တွင် သင်္ကြန်ကာလအတွင်း ရခိုင်ပြည်သူများအနေဖြင့် အပျော်ပါးလွန်ကြူးမှုမဖြစ်စေရန် မဟာရက္ခတိအဖွဲ့ကလက်ကမ်းစာစောင်ပေးဝေခြင်းကို ကြိုဆိုကြောင်း ဝံလတ်ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံကပြောသည်။

`မဟာရက္ခိတအဖွဲ့က အခုလို လက်ကမ်းစာစောင်ဖြန့်ဝေတာကို ကျွန်တော်တို့ကြိုဆိုပါတယ်။ ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်ဟာ သီခြားပြည်နယ်တစ်ခုမဟုတ်ပဲ တစ်ခြားတိုင်းနဲ့ပြည်နယ်တွေနဲ့အတူ ယှဉ်တွဲ နေထိုင်ကြ တာ။ ပြည်မဖက်တွေမှာ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့်သေဆုံးနေကြတဲ့ ဆန္ဒပြကြတဲ့ပြည်သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေအနေနဲ့လည်း အိမ်ထဲမှာပဲ သိုသိုသိပ်သိပ်နဲ့ပျော်စေချင်တယ်။ ကျွန်တော်တို့ဟာ ယဉ်ကျေးတဲ့လူ့အဖွဲ့ အစည်းတစ်ရပ်အနေနဲ့ဖော်ပြဖို့လိုတယ်။ ဒါကြောင့် ပြည်မဖက်မှာ ဒီမိုကရေစီအတွက် လုပ်နေကြတာနဲ့ပတ်သက်ပြီး ခုလို မဟာရက္ခိတအဖွဲ့က လုပ်ဆောင်ချက်ဟာ ကောင်းတဲ့လက္ခဏာတစ်ခုဖြစ်တယ်´ဟုပြောသည်။

အဆိုပါလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို မဟာရက္ခိတအဖွဲ့မှ ဥက္ကဌ ဦးအောင်သန်းက စစ်တွေမြို့၌ လူသွားလူလာများ သောနေရာများတွင် စာရွက်များကိုဖြန့်ဝေခြင်းဖြင့် ရခိုင်သူ ရခိုင်သားများအားမေတ္တာရပ်ခံအသိပေးခဲ့ခြင်းဖြစ်သည်။

https://www.facebook.com/102405104899336/posts/261637858976059/

Leave a Reply

Your email address will not be published.