By Narinjara/ 2021 March 15
ချစ်အိလှိုင်
ရခိုင်တွင် ဘဏ်များမှ ငွေထုတ်ငွဲလွှဲအဆင်မပြေသဖြင့် ကုမ္ပဏီဝန်ထမ်းတချို့နှင့် အလုပ်သမားများ လစာမရ ဖြစ်နေကြသည်ဟု သတင်းရရှိသည်။
တပ်မတော်အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းတွင် ရခိုင်တွင် ဘဏ်များ ရက်အနည်းငယ်ပိတ်ခဲ့ပြီး ပြန်ဖွင့်လာသော်လည်း ငွေထုတ်၊ ငွေလွှဲအဆင်မပြေသည့်အတွက် လစာများမရရှိကြကြောင်း ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်မှ ဖုန်းကုမ္ပဏီတစ်ခုမှ အမည်မဖော်လိုသူ အရောင်းစာရေး အမျိုးသမီးငယ်တစ်ဦးကပြောသည်။
“ ဖေဖော်ဝါရီလအတွက် လစာအခုထိလည်း မရသေးပါဘူး။ လစာက တစ်သိန်းကျော် ရတာပါ။ နယ်ကလာပြီးအလုပ်လုပ်ရတာဆိုတော့ လစာမရရင် အဆောင်စရိတ်၊ ထမင်းစရိတ်မရှိတော့ပါဘူး။ အရင်လတွေကဆို ဘဏ်(ATM) ကဒ်ထဲကို ထည့်ပေးတာပါ။ အခုဘဏ်ကငွေထုတ်လို့မရတော့ လစာလည်းမရဘူးပေါ့။ မိသားစုစားဝတ်နေရေးရပ်တည်ဖို့ ခက်ခဲလာမှာစိုးရိမ်ပါတယ်” ဟုပြောသည်။
၄င်းအပြင် တချို့ကုမ္ပဏီများတွင် လစာလျော့လိုက်သည့်အတွက် အခက်အခဲများရှိကြောင်း သိရသည်။
လျှပ်စစ်ပစ္စည်းများနှင့် ဖုန်းအရောင်းအဝယ်များလုပ်သည့် (TECNO ) ကုမ္ပဏီဝန်ထမ်း ကိုအောင်ဟိန်းစိုးက “လစာကတော့ ပုံမှန်ထက်တော့နည်းသွားပါတယ်။ လျော့ပစ်တာက အချိန်ပို(OD)ကြေးတို့မရတော့ဘူး။ ” ဟုပြောသည်။
၄င်းတို့အနေဖြင့် အခြေခံလစာငွေ ၁၂၄ဝဝဝ ကျပ်နှင့် အချိန်ပိုကြေးပေါင်းလျှင် တစ်လတွင် ၂ သိန်းဝန်းကျင်ရရှိခဲ့ကြသော်လည်း ယခုအခါတွင် အခြေခံလစာဖြင့် စားဝတ်နေရေးကို ဖြေရှင်းနေကြရကြောင်းပြောသည်။
စစ်တွေမြို့ရှိလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်နိုင်ထွန်း(ခ) ကိုနီ ကလည်း ပစ္စည်းအသစ်မမှာနိုင်ခဲ့သည်မှာ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းမှစ၍ ယနေ့မတ်လ ၁၃ ရက်နေ့ နေ့လယ်ပိုင်းအထိဖြစ်ကြောင်းပြောသည်။
“ ကျွန်တော်တို့မှာ ဖုန်းနဲ့စက်ပစ္စည်းတွေရောင်းတယ်။ ငွေလွှဲမရတဲ့နေ့ကစပြီး ပစ္စည်းအသစ်မမှာရတော့ဘူး။ MI အမျိုးအစားဖုန်းဆိုရင် စျေးနည်းနည်းတတ်သွားပေါ့။ ကျွန်တော်ဆီမှာ လစဉ်ပေးနဲ့ ပစ္စည်းတွေ၊ ဖုန်းတွေဝယ်တဲ့ လခစားတွေလည်း လစာမရလို့ အဆင်မပြေကြဘူးလို့ သိရတယ်။ ငွေပို့၊ ငွေလွှဲတွေ အဆင်ပြေစေချင်တယ်” ဟုပြောသည်။
ယခုနှစ် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်နေ့ခန့်ကစတင်၍ ဘဏ်အချို့စတင်ပိတ်လိုက်ပြီးနောက်ပိုင်း မတ်လ (၅) ရက်နေ့နောက်ပိုင်းတွင် တစ်နို်င်ငံလုံးရှိ ဘဏ်များအမြန်ဆုံးပြန်ဖွင့်ရန် နို်င်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ အကြောင်းကြားခဲ့သည်။
ယင်းနောက်တွင် ဘဏ်များပြန်ဖွင့်ခဲ့သော်လည်း ငွေပို့၊ ငွေလွှဲများ အဆင်မပြေသဖြင့် လုပ်ခလစာများမရှိကြခြင်းဖြစ်ကြောင်း အလုပ်သမားများ၏ ပြောပြချက်အရသိရသည်။