ရခိုင်တွင် စစ်ကြောရေးအတွင်း သေဆုံးသူ ၂၀ ကျော်ရှိခဲ့၊ ပြစ်မှုကျူးလွန်သူများကို အရေးယူပေးဖို့တောင်းဆို

By Western News/ 2021 March 10

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်အထိ ၂ နှစ် နီးပါးကြာ တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့အကြား ဖြစ်ပွားခဲ့သောစစ်ရေးပဋိပက္ခအတွင်း သံသယဖြင့်ဖမ်းဆီးခံရပြီး စစ်ဆေးစဉ် သေဆုံးသွားသူ ၂၃ ဦးရှိသည်ဟု ရခိုင့်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့၏ မှတ်တမ်းများအရ သိရသည်။
စစ်ကြောရေးအတွင်း သေဆုံးသူများမှာ ဦးစံရွှေထွန်း(၅၇)နှစ်၊ ဦးကွန်ချုပ်မောင်(၃၄)နှစ်၊ ဦးသန်းရွှေမောင်(၅၀)နှစ်၊ ဦးမောင်ဖြူထွန်း (၇၃)နှစ်၊ ဦးအောင်ထွန်းသာ(၄၀)နှစ်၊ ဦးစံရွှေလှိုင်(၄၂)နှစ်၊ ကိုဝင်းမောင်(၃၁)နှစ်၊ ဦးမောင်သန်းမြင့်(၄၃)နှစ်၊ ဦးသန်းထွန်းအောင်၊ ဦးသန်းကျော်၊ ဦးစောလှထွန်း၊ မောင်ညွန့်ဝင်း(၂၁)နှစ်၊ မောင်နိုင်ဝင်းတို့ဖြစ်သည်။
ယင်းအပြင် ဟန်မင်းသိန်း၊ ဦးထွန်းချေ(၅၅)နှစ်၊ ဦးကျော်လှိုင်(၃၁)နှစ်၊ ဦးကျော်မြတ်ထွန်း၊ ဦးမောင်သန်းထွန်း (၃၀)နှစ်၊ မောင်ဇော်ကြီး(၂၆)နှစ်၊ မောင်အေးကျော်၊ ဇော်ဝင်းလှိုင်(၂၈)နှစ်၊ ဦးဉာဏ်သိန်းနှင့် ဦးကျော်အေးမောင် တို့ဖြစ်သည်။
ယင်းကဲ့သို့ ဥပဒေမဲ့သတ်ဖြတ်ခြင်းများကို စုံးစမ်းဖော်ထုတ်ပြီး နစ်နာသူများအတွက် တရားမျှတမှုတစ်ခုရရှိအောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုကြောင်း တပ်မတော်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသက်သေဆုံးသွားသူ ဦးကျော်လှိုင်၏ ဇနီးဖြစ်သူ ဒေါ်စုချေက Western News ကိုပြောသည်။
“ကျွန်မယောက်ျားကို သတ်ခဲ့တဲ့သူတွေကို စုံးစမ်းဖော်ထုတ်ပေးစေချင်တယ်။ ကျွန်မအနေနဲ့တရားမျှတမှုတော့လိုချင်သေးတယ်။ အဲဒါကိုပဲ တောင်းဆိုချင်ပါတယ်။ ကျန်တာတော့မပြောချင်တော့ဘူး အဲအကြောင်းတွေကို” ဟုပြောဆိုသည်။
ဦးကျော်လှိုင်မှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်နေ့တွင် မိမိနေအိမ်မှနေ၍ ပုလင်းခွံ၊ ဘူးခွံများကို ကောက်ယူရန်အတွက် မြို့ထဲသို့သွားစဉ် လမ်းတွင်တပ်မတော်စစ်ကြောင်းတစ်ခုနှင့် တွေ့ကာ ဖမ်းဆီးခြင်းခံလိုက်ရခြင်းဖြစ်သည်ဟု ဇနီးဖြစ်သူဒေါ်စုချေ ကပြောသည်။
တပ်မတော် စစ်ကြောရေးအတွင်းသေးဆုံးသွားသည့်အမှုများကို တပ်မတော် တာဝန်ရှိသူများအနေဖြင့် စုံစမ်းဖော်ထုတ်ပေးပြီး တရားမျှတမှုရရှိရေးဆောင်ရွက်ပေးသင့်ကြောင်းနှင့် ယင်းကဲ့သို့ စစ်ဆေးဖော်ထုတ်မှုများမလုပ်ပေးပါက ရခိုင်ပြည်သူများအနေဖြင့် မြန်မာနိုင်ငံ၏ တရားစီရင်ရေးကို ပို၍အယုံအကြည်မဲ့သွားနိုင်ကြောင်း ရခိုင့်လူ့အခွင့်အရေးကာကွယ်မြင့်တင်သူများအဖွဲ့မှ ဒါရိုက်တာဦးမြတ်ထွန်းက ထောက်ပြပြောဆိုသည်။
“ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကို ဥပဒေကြောင်းအရ အရေးယူရမယ်။ ဇော်ဝင်းလှိုင်တို့လို့၊ မြောက်ဦးက သုံးဘီးသမားတို့လို ဖမ်းဆီးနှိပ်စက်ခံရပြီး သေဆုံးသွားသူတွေအတွက် ဥပဒေကြောင်းအရ တိတိကျကျ စုံစမ်းဖော်ထုတ်ပြီးတော့ ကျူးလွန်တဲ့သူတွေကို အရေးယူသင့်တယ်။ အဲ့ဒီလို စုံစမ်းမှုတွေမလုပ်ပေးဘူးဆိုရင် ပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ တရားဥပဒေကို အယုံအကြည်ပိုပြီးတော့မဲ့သွားမယ်” ဟုပြောသည်။
ယင်းကဲ့သို့ စစ်ကြောရေးအတွင်း ဖမ်းဆီးနှိပ်စက်သက်ဖြတ်လိုက်ခြင်းသည် လူ့အခွင့်အရေးစံနှုန်းများကိုချိုးဖောက်ခြင်းဖြစ်သလို စစ်ရာဇဝတ်မှုကျူးလွန်းခြင်းလည်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြား စာပေးပို့ခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်လာခြင်းမရှိခဲ့ဟု ဦးမြတ်ထွန်းကဆိုသည်။
တပ်မတော် စစ်‌ကြောရေးအတွင်း အသက်သေဆုံးခဲ့မှုများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်က “တရားမျှတမှုရရှိရေး ဆောင်ရွက်ပေးသင့်တယ်ဗျ။ ဖမ်းတာဆီးတာတွေရှိခဲ့တယ်ဆိုရင်လည်း ဥပဒေကြောင်းအရ အမှန်အတိုင်း သင်္ခန်းစာအဖြစ်ယူနိုင်အောင်ပေါ့ဗျာ၊ နှစ်ဖက်သင်ပုန်းခြေနိုင်အောင်ပေါ့၊ အပြစ်ရှိခဲ့တယ်ဆိုရင်လည်း ရှိခဲ့တယ်၊ ကျူးလွန်ခဲ့တယ်ဆိုရင်လည်း ကျူးလွန်ခဲ့တယ်၊ နောက်မကျူးလွန်ဖို့အတွက် ပထမဆုံးတော့ ဝန်ခံသင့်တယ်။ ဒါမှပဲ ဆင်ခြင်လို့ရမှာပေါ့။ ရန်ဖက်ဖြစ်ခဲ့တဲ့အချိန်တုန်းက မှားခဲ့တဲ့အမှားတွေကို ခုမိတ်ဖက်ဖြစ်တဲ့အချိန်မှာ နှစ်ဖက်ပွင့်ပွင့်လင်းလင်းရှင်းပြ သင့်တာပေါ့။ သင်ခန်းစာယူနိုင်အောင်၊ နောက် နိုင်ငံသားအခွင့်အရေးတွေမရှုံးဆုံးရအောင် ဆင်ခြင်သင့်တယ်။ အဲ့လိုမျိုးဆိုရင် လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်မှုတို့၊ စစ်ရာဇဝတ်မှုတို့၊ လူမျိုးတုန်းသတ်ဖြတ်မှုစတဲ့ ဝေါဟာရတွေနဲ့ လွတ်ကင်းသွားမှာပေါ့” ဟု Western News နှင့်တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ထောက်ပြပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်မှ AA ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးကာ အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူမှာ ၂၆၉ ဦးရှိသည်။ ၎င်းတို့မှာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ည)နှင့် ၅၂(ည) တို့ ဖြင့် စစ်တွေခရိုင်တွင် ၁၃၉ ဦး၊ ကျောက်ဖြူခရိုင်တွင် ၄၄ ဦး၊ မြောက်ဦးခရိုင်တွင် ၇၈ ဦး၊ သံတွဲခရိုင်တွင် ၄ ဦးနှင့် မောင်တောခရိုင်တွင် ၄ ဦး အသီးသီး တရားရင်ဆိုင်နေကြရသည်။
ယင်းအပြင် တပ်မတော်နှင့် ရခိုင်တပ်တော် AA တို့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ မှ စတင်ဖြစ်ပွါးခဲ့သည့် ၂ နှစ်တာ တိုက်ပွဲ ကာလအတွင်း အရပ်သား ြ့ပည်သူသေဆုံးသူ ၃၄၃ ဦးနှင့် ဒဏ်ရာရရှိသူ ၇၆၉ ဦး အထိရှိသည်ဟု ၂၀၂၁ ခုနှစ် မတ်လ ၄ ရက်နေ့ အထိ ပြုစုထားသော ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (REC ) ၏စာရင်းအရသိရသည်။

https://www.facebook.com/102405104899336/posts/246480960491749/

Leave a Reply

Your email address will not be published.