မြေပုံ အငူကမ်းခြေတွင် အမှိုက်ပုံးများထားရှိရန် လိုအပ်၊ စည်ပင်နယ်နိမိတ်မဟုတ်၍ လုပ်ပေးရန်မရှိဟု မြို့နယ်စည်ပင်ပြော

By Development Media Group (DMG) / 2021 March 19

မြေပုံမြို့နှင့် ကပ်လျက်ရှိသည့် အငူကမ်းခြေတွင် လာရောက်လည်ပတ်သူများနှင့် ပျော်ပွဲစား လာရောက်သူများအနေဖြင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရန် လိုအပ်ကြောင်းနှင့် အမှိုက်ပုံးများ ထားရှိရန် လိုအပ်ကြောင်း မြေပုံလူငယ်အသိုင်းအဝိုင်းက လိုလားနေကြသည်။

အမှိုက်စွန့်ပစ်ပစ္စည်းများကြောင့် ကမ်းခြေအလှပျက်စီးသလို လာရောက်အပန်းဖြေသူများအနေဖြင့်လည်း စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း မြေပုံလူငယ်မျိုးဆက်သစ်ကွန်ရက် ဥက္ကဌ ကိုကောင်းမြင့်ကျော်က ပြောသည်။

” အမှိုက်ပစ် system ကောင်းတစ်ခု လိုအပ်ပါတယ်။ အမှိုက်ပုံး အများကြီးထားပေးရမယ်။ အဲ့ဒီအမှိုက်တွေကိုလည်း စည်ပင်ကားအနေနဲ့ ပုံမှန်လာသိမ်းပေးရမှာပေါ့နော်။ အဲလိုမျိုးဖြစ်စေချင်တယ် ” ဟု ပြောသည်။

အငူကမ်းခြေမှာ စည်ပင်သာယာရေးနယ်နမိတ်ထဲတွင် မပါဝင်၍ အမှိုက်ကိစ္စနှင့်ပတ်သတ်ပြီး လုပ်ပေးရန်အစီအစဉ်မရှိကြောင်း မြေပုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးခင်မောင်ဌေးက ပြောသည်။

” အငူကမ်းခြေမှာ ကျနော်တို့ စည်ပင်သာယာရေးအဖွဲ့အနေနဲ့ လုပ်ထားတာ ဘာမှမရှိဘူး။ လုပ်ဖို့အတွက်လည်း အစီစဉ်မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ မြို့စည်ပင်နယ်နမိတ်ထဲမှာမပါတာကြောင့် အငူကမ်းခြေကို ဦးစားပေးအစီစဉ်အနေနဲ့ ဆွဲထားတာမရှိဘူး” ဟု ဆိုသည်။

အငူကမ်းခြေတွင် အမှိုက်ပုံများထားရှိရေး မြို့ခံလူထုနှင့် အရပ်ဖက်အဖွဲ့အစည်းအချို့ ပူးပေါင်းဆောင်ရွက် စီစဉ်ခဲ့သော်လည်း တပ်မတော်မှ နိုင်ငံတော် အာဏာရယူလိုက်သည့်အတွက် ရပ်တန့်ခဲ့ရကြောင်း အမှိုက်ကိစ္စဦးဆောင်လုပ်နေသူ ကိုတင်မျိုးအောင်က ပြောသည်။

” အမှိုက်ပုံးတွေတောင်မှ ဝယ်ထားပြီးပြီ။ အဲ့ဒီကြားထဲမှာမှ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ကျနော်တို့ ဘာမှမလုပ်ရဲဘူးဖြစ်သွားတယ်။ လောလောဆယ်တော့ ဘာမှမလုပ်ဖြစ်သေးဘူး။ ဒါပေမဲ့ ကျနော်တို့အနေနဲ့ အမှိုက်နဲ့ပတ်သတ်ပြီး လုပ်ဆောင်သွားဖို့တော့ ရှိပါတယ် ” ဟု ဆိုသည်။

စွန့်ပစ်ပစ္စည်းအမှိုက်များကို စနစ်တကျ စည်းကမ်းရှိရှိ မစွန့်ပစ်ပါက ကမ်းခြေအလှပျက်စီးခြင်း၊ ရေနေသတ္တဝါများအန္တရာယ်ဖြစ်စေခြင်းနှင့် လာရောက်လည်ပတ်သူများအနေဖြင့်လည်း စိတ်ဆင်းရဲရမည်ဖြစ်ကြောင်း လူငယ်အသိုင်းအဝိုင်းကြားတွင် ဝေဖန်နေကြသည်။

မြေပုံလူငယ်များအသင်း (MYA) နှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးအသင်း (WEHPA) တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ကမ်းနားလမ်းနှင့် အငူကမ်းခြေတစ်လျောက်တွင် စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များကို လိုက်လံကောက်ခဲ့မှု ပြုလုပ်ခဲ့ကြသည်။

https://www.facebook.com/dmgnewsagency/posts/1969980176487717

Leave a Reply

Your email address will not be published.