By Development Media Group (DMG) / 2021 March 22

မြေပုံ – စစ်တွေ သို့မဟုတ် စစ်တွေ – မြေပုံ သို့ အမြန်ရေယာဉ်များ နေ့စဉ်ပြေးဆွဲရန် မြေပုံဒေသခံများ လိုလားနေကြသည်။
လက်ရှိတွင် ရေကြောင်းပို့ဆောင်ရေးဌာနပိုင် ကစ္ဆပနဒီ (၁) သင်္ဘောမှာ စစ်တွေ – မြေပုံ – ကျောက်ဖြူကို ဗုဒ္ဓဟူးနေ့နှင့် ကျောက်ဖြူ – မြေပုံ – စစ်တွေသို့ ကြသပတေးနေ့တွင် ပြေးဆွဲလျက်ရှိသည်။
စစ်တွေမှ အခြားမြို့နယ်သို့ ပြေးဆွဲနေသည့် ရွှေပြည်တန်အမြန်ရေယာဉ်မှာ စစ်တွေ – မင်းပြား သို့မဟုတ် မင်းပြား – စစ်တွေ သို့ နေ့စဉ် နံနက်နှင့် နေ့လည်တွင် ပုံမှန်ပြေးဆွဲလျက်ရှိသည်။
သို့သော်လည်း ရွှေပြည်တန်အမြန်ရေယာဉ်မှာ မြေပုံမြို့သို့ တိုက်ရိုက်ပြေးဆွဲလျက်မရှိပေ။ မြေပုံမှ ခရီးသည်များမှာ စစ်တွေသို့ ရွှေပြည်တန်ဖြင့် သွားမည်ဆိုလျင် မင်းပြားမြို့မှတစ်ဆင့် သွားရောက်ရပြီး စစ်တွေမှ ပြန်လာလျှင်လည်း မင်းပြားမှတစ်ဆင့် ကားဖြင့်သာ လာရောက်ရသည်။
ကစ္ဆပနီဒီ (၁) သင်္ဘောမှာ တစ်ပတ်တစ်ကြိမ်ပြေးဆွဲနေ၍ မြေပုံဒေသခံများအနေဖြင့် အဆင်မပြေကြောင်းနှင့် ရွှေပြည်တန်အမြန်ရေယာဉ်မှာလည်း နေ့စဉ်ပြေးဆွဲနေပေမယ့် မင်းပြားမြို့သို့ပဲ ရောက်ရှိသည့်အတွက် အမြန်ရေယာဉ်များ နေ့စဉ်ပြေးဆွဲဖို့ကို မြေပုံဒေသခံများက လိုလားနေကြခြင်းဖြစ်သည်။
မြေပုံဒေသခံ ကိုကောင်းကောင်းက “ ကစ္ဆပနဒီကလည်း တစ်ပတ်မှာ တစ်ရက်တည်း။ ရွှေပြည်တန်လည်း မင်းပြားဘက်က တစ်ဆင့်သွားရတော့ စရိတ်တွေ ပိုကုန်တယ်။ ဒါကြောင့် နေ့တိုင်းထွက်စေချင်တယ် ” ဟု ပြောသည်။
မြေပုံ ဒေသခံ မနန္ဒာဦးကလည်း “ စစ်တွေကို နေ့တိုင်း ထွက်နေရင်တော့ စစ်တွေနဲ့ ကုန်အရောင်းအဝယ် လုပ်ရတာတွေ အဆင်ပြေမယ်။ ကုန်စည် စီးဆင်းမှုလည်း မြန်ဆန်မယ်။ ကုန်စည်တွေလည်း တစ်ဆင့်ခံ မဟုတ်ဘဲ စစ်တွေကဆိုရင် မင်းပြားထက် ငွေကြေးပိုသက်သာတော့ ဒေသခံတွေအနေနဲ့ အဆင်ပြေတာပေါ့ ” ဟု သူမကဆိုသည်။
စစ်တွေ – မြေပုံ – ကျောက်ဖြူပြေးဆွဲနေသည့် ကစ္ဆပနဒီ (၁) သင်္ဘောမှာ အရှုံးပေါ်သော်လည်း အများပြည်သူများ သက်သာစေရန် ထွက်ပေးနေခြင်းဖြစ်ကြောင်း မြေပုံရေကြောင်းပို့ဆောင်ရေး မန်နေဂျာ ဦးတိုင်ကျော်မင်းက ပြောသည်။
“ အရင်က တစ်ပတ်နှစ်ကြိမ် ထွက်တာတောင်မှ လူနည်းတာကြောင့် အရှုံးပေါ်တယ်။ ဒါပေမဲ့ အခုကတော့ အရှုံးပေါ်ပေမဲ့ လူတွေ သွားလာရေး အဆင်ပြေစေဖို့ တစ်ပတ်တစ်ကြိမ် ထွက်ပေးတာဖြစ်တယ် ” ဟု ၎င်းကဆိုသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားမှု စတင်ပြင်းထန်ခဲ့သည့် ၂၀၂၀ ဧပြီလက စတင်ပြီး ကစ္ဆပနဒီသင်္ဘောများနှင့် ရွှေပြည်တန်အမြန်ရေယာဉ်များအပါအဝင် အခြားသော အမြန်ရေယာဉ်များ၏ ပြေးဆွဲမှုကို ရပ်တန့်လိုက်ခြင်းဖြစ်ကာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကစတင်ပြီး ပြန်လည်ပြေးဆွဲနေကြခြင်းဖြစ်သည်။
မြေပုံမြို့သို့ လာရောက်သည့် ကုန်စည်များမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြင့် ရောက်ရှိလာသည့်အတွက် ကုန်ဈေးနှုန်းများမှာ အခြားမြို့များထက် မြင့်တက်နေပြီး ဒေသခံများအတွက် အခက်အခဲဖြစ်နေကြသည်။
https://www.facebook.com/dmgnewsagency/posts/1972147996270935