By Western News/ 2021 March 21
ပြည်တွင်း၊ ပြည်ပအလှူရှင်များနှင့် ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျပ်ငွေ သိန်း ၂၀၀ ခန့်ကုန်ကျမည့် အခြေခံပညာ စာသင်ကျောင်းဆောင်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီးဆောက်လုပ်ရာ ယခုဆိုလျင် ၇၅ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါကျောင်းသည် ရခိုင်ပြည်နယ် ၊ မြေပုံမြို့နယ်၊ ရန်ကုန်- စစ်တွေကားလမ်းနားဘေးမှာရှိတဲ့ ကြာအင်းတောင်ကျေးရွာ အောင်သိန္ဒိပရဟိတ ဘုန်းတော်ကြီးတွင်ဆောက်လုပ်နေဖြစ်ပြီး အနံ ၃၇ ပေ ၊ အလျား ၆၀ ပေ ရှိသောစာသင်ကျောင်းဆောင် ဖြစ်သည်။၎င်းဘုန်းတော်ကြီးကျောင်း၌ ယခင်ကသင်ကြားနေသည့်စာသင်ကျောင်းဆောင် ပြိုပျက်သွာခြင်းကြောင့် စာသင်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းရခြင်းဖြစ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိအဖွဲ့ ဥက္ကဌ ကိုအမ်းသားကြီးက Western News သို့ပြောသည်။
“ ဒီကျောင်းမှာ အရင်တည်းက ဆရာတော် စာသင်ပြတဲ့ စာသင်ဆောင်ရှိတယ်။ အဲဒီအခန်းပြိုပျက်သွားလို့ သံဃရက္ခိတ အဖွဲ့က ဦးဆောင်ပြီးတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ပူးပေါင်း စာသင်ဆောင်အသစ်ကို လှူဒါန်းကြတာဖြစ်တယ်။ အနံ ၃၇ ၊ အလျား ၆၀ ပေ ရှိတယ်။ ကျပ်ငွေ သိန်း၂၀၀ လောက်ကုန်ဖို့လို့ခန်းမှန်းတယ်။ အခုဆိုရင် ၇၅ ရာခိုင်နှုန်း ပြီးစီးနေပြီ “ ဟုဆိုသည်။
အဆိုပါကျောင်းမှကျောင်းသူ၊ ကျောင်းသားများအနေဖြင့် စာမေးပွဲကို မြေပုံမြို့နယ်၊ ကြာအင်းတောင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင်ဖြေဆိုရကြောင်းသိရသည်။ ထို့အပြင် ၎င်းကျောင်းတွင် ယခင်နှစ်များကဆိုလျင် ကျောင်းသူ၊ ကျောင်းသား ဦးရေမှာ ၅၀ မှ ၆၀ ခန့်အထိလက်ခံသင်ကြားပေးခဲ့ပြီး ဆရာ၊ ဆရာများမှာ ၁၂ ဦးထိခန့်အပ်လျက်ရှိခဲ့ကြောင်းသိရသည်။
အခြေခံပညာ အလယ်တန်း၊ အထက်တန်း ပညာရေးကို ဆက်လက်သင်ယူရန်ငွေရေး ကြေးရေး အခက်အခဲရှိသော ကျောင်းသူ၊ ကျောင်းသားများကို ဦးစားပေး သင်ကြားပေးပြီး တာဝန်ခန့်အပ်ထားသောဆရာ၊ ဆရာမများကိုလည်းစားသောက်နေထိုင်ရေး အားလုံးကို စီစဉ်ပေးထားကြောင်း အောင်သိဒ္ဓိပရဟိတကျောင်း ဆရာတော် ဦးသုဝဏ္ဏက မိန့်သည်။
“ ဒီကျောင်းမှာ အဓိကတော့ ငွေကြေးမတတ်နိုင်တဲ့ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသူ၊ ကျောင်းသားတွေကို ဦးစားပေး သင်ပေးတယ်၊ သူတို့စားဖို့ နေဖို့ အားလုံးစီစဉ်ပေးတယ်၊ တာဝန်ထမ်းဆောင်တဲ့ ဆရာ ၊ ဆရာမတွေကိုလည်း အဆင်ပြေအောင် စီစဉ်ပေးတယ်။ ဒီကျောင်းက တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်သွားတဲ့ ကျောင်းသား တချို့လည်း ဒီမှာပဲ ဆက်ပြီးတာဝန် ထမ်းဆောင်ကြတာတွေရှိတယ်။ တက္ကသိုလ်မတက်ရသေးတဲ့ကျောင်းသားတွေကို ဒီကျောင်းမှာ ကွန်ပျူတာ နဲ့အင်္ဂလိပ်စကားပြောအခြေခံသင်ပြပေးတယ်။ နောက်ပြီး ဘွဲ့တစ်ခုခုရအောင်ထိလည်း ထောက်ပံ့သင်ကြားပေးထားတာတွေရှိတယ် “ ဟု မိန့်သည်။
အောင်သိဒ္ဓိပရဟိတကျောင်းတွင် အခြေခံပညာအလယ်တန်းပညာရေးအဆင့်ကို တည်ထောင်ခဲ့ပြီးနောက် ၃ နှစ်အကြာတွင် အခြေခံပညာအထက်တန်း အဆင့်သို့ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ကြာအင်းတောင် ကပိုင်ချောင်း၊ ကျောက်မနိုး၊ ချောင်းကြီး၊ ကန့်ကော်ချောင်း၊ တောင်စိုင်ကမ်းစသည့်ကျေးရွာများစုစုပေါင်း ကျောင်းသူ၊ ကျောင်းသားဦးရေ ၇၀ ခန့်ကိုလက်ခံသင်ကြားပေးခဲ့ပြီး စာသင်ကျောင်းပြီးစီးသွားပါက ပညာသင်စရိတ်ထောက်ပံ့ အလှူရှင်များ၏ ငွေကြေးအပေါ် မူတည်ပြီး ကျောင်းသားများလက်ခံသင်ကြားပေးမည်ဖြစ်ကြောင်းသိရသည်။
https://www.facebook.com/westernnewsagency/posts/253784873094691