By Narinjara/ 2021 March 20
ထွန်းခိုင် (တောင်ရင်းကျွန်း)
မီးလောင်မှုကြောင့် နေအိမ်များဆုံးရှုံးသွားပြီး နေစရာနေရာမရှိဖြစ်နေသော်လည်း မိမိဒေသသို့ မပြန်ရဲသေးဟု တိမ်ညိုစစ်ရှောင်စခန်းမှ မီးဘေးဒုက္ခသည်များက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။
မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် မတ်လ ၁၇ ရက်နေ့ ညနေပိုင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၆၆၃ ဆောင် မီးလောင်သွားခဲ့ပြီး လူပေါင်း ၂၂၅၆ ယောက် မီးဘေးဒုက္ခသည်ဖြစ်သွားခဲ့ရသည်။
လက္ကာကျေးရွာမှ မီးဘေးဒုက္ခသည် ဒေါ်ခင်စောဝင်းက “ မီးလောင်သွားတဲ့အတွက် ကျမတို့မှာ စားရေး၊ သောက်ရေး၊ နေရေး၊ ထိုင်ရေးတွေက တော်တော်အခက်အခဲဖြစ်သွားတယ်။ အခုဆိုရင် ဘုန်းတော်ကြီးကျောင်းအောက်မှာ တာပေါ်လင်စတွေခင်းပြီးတော့ ဖြစ်သလို နေကြရတယ်။ ကျမတို့က ရွာကိုပြန်ဖို့အခြေအနေလုံးဝမရှိဘူး။ ကျမတို့ရွာက မီးရှို့ခံထားရတဲ့ ရွာတစ်ရွာဖြစ်တယ်။ ကျမတို့မှာ ဘဝအတွက် အာမခံချက်လည်း မရှိဘူး။ လုံခြုံမှုလည်း လုံးဝမရှိဘူး။ ဒါကြောင့် ရွာကို မပြန်နိုင်သေးဘူး” ဟု ယမန်နေ့က တွေ့ဆုံ မေးမြန်းစဉ် နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
၎င်းအပြင် ရွာအနီးတွင် တိုက်ပွဲဖြစ်ပွားမှုများရှိခဲ့ပြီး ရွာအနီးဝန်းကျင်တွင် မြေမြုပ်မိုင်းများရှိနေသဖြင့် မိုင်းအန္တရာယ်ကိုလည်း စိုးရိမ်ရကြောင်း သူမက ပြောကြားသည်။
“ လက်ရှိ အခြေအနေမှာ ပြန်ဖို့ဆိုတာကတော့ လုံးဝ မဖြစ်နိုင်သေးဘူး။ အခု မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေရာမှာဘဲ ပြန်လည်နေရာချထားပေးစေချင်တယ်။ အလှူရှင်တွေကိုလည်း ပံ့ပိုးကူညီပေးကြာဖို့ တောင်းဆိုချင်ပါတယ်” ဟု သူမက ဆက်ပြောသည်။
ဒုက္ခသည်များအနေဖြင့် မိမိနေရပ်သို့ မပြန်လိုသေးသဖြင့် အဆောက်အဦများ ဆောက်လုပ်ပေးရန် အတွက် စီစဉ်ထားသည်ဟု စခန်းတာဝန်ခံ ဦးမောင်သန်းက ပြောသည်။
“အခု သူတို့ကို ကျောင်းသစ် ဘုန်းကြီးကျောင်းမှာ ယာယီပဲ ထားတာပါ။ အကြာကြီးနေလို့ အဆင်မပြေဘူး။ သူတို့နေထိုင်ဖို့အတွက် သစ်တွေ ဝါးတွေ ဓနိတွေကို လှူမယ့်သူရှိရင် အခု မီးလောင်သွားတဲ့နေရာမှာ တန်းလျားတဲအိမ်တွေကို ကျနော်တို့က ဆောက်ပေးသွားမှာ ဖြစ်တယ်” ဟုပြောသည်။
မီးဘေးသင့်များအတွက် အရေးပေါ်လိုအပ်သော ကူညီမှုများကို အလှူရှင်များနှင့် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ (ပကစ)မှ ထောက်ပံ့ပေးမှုများ ပြုလုပ်နေပြီး နေရပ်ပြန်လိုသော ဒုက္ခသည်များအားလည်း ကူညီဆောင်ရွက်မှုများ ပေးသွားမည်ဟု (ပကစ)အဖွဲ့ဝင် ဦးသန်းထွန်းက ပြောသည်။
“မီးဘေးသင့်တွေအတွက် အရေးပေါ်ကာလတစ်ခုအထိ နေဖို့ထိုင်ဖို့အတွက် အလှူရှင်တွေကလည်း စီစဉ်ပေးနေကြတယ်။ အစိုးရအဖွဲ့ကလည်း စီစဉ်ပေးဖို့ရှိတယ်။ အရေးပေါ်ကာလပြီးတာနဲ့ သူတို့သာ ဆန္ဒရှိမယ်ဆိုရင်၊ မိုင်းရှင်းလင်းရေး လုပ်ပြီးပြီလို့ ယူဆတယ်ဆိုရင်၊ မိုင်းရှင်းလင်းတာမှာလည်း သူတို့မကျေနပ်ဘူးဆိုရင် ထပ်မံရှင်းလင်းခိုင်းပြီးတော့ လုံခြုံစိတ်ချရပြီဆိုလို့ သူတို့ကိုယ်တိုင် ယူဆတယ်ဆိုရင် သူတို့နယ်ရပ်ပြန်ဖို့အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ထိုက်သင့်တဲ့ ကူညီထောက်ပံ့မှုတွေကို စီစဉ်ပေးဖို့ရှိတယ်” ဟုပြောသည်။
၄င်းအပြင် စစ်ဘေးရှောင်များ၏ သက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လုပ်ကိုင်နိုင်ရန် ကူညီပေးသွားမည်ဖြစ်ပြီး တိုက်ပွဲကြောင့် မီးလောင်ဆုံးရှုံးသွားသော နေအိမ်များကိုလည်း ပြန်လည် တည်ဆောက်လုပ်ပေးမည်ဟု သူကဆက်ပြောသည်။
“သူတို့ရဲ့ သက်မွေးဝမ်းကျောင်းလုပ်ငန်းတွေအတွက် ကူညီပေးသင့်တာတွေကို ကူညီပေးဖို့ အတွက်လည်း စီစဉ်ထားတာရှိတယ်။ နောက်ပြီးတော့ စစ်ပွဲကာလမှာ မီးလောင်သွားတဲ့ အိမ်တွေကိုလည်း ဆောက်ပေးမယ်။ ဒါမှမဟုတ် အိမ်ဆောက်ဖို့အတွက် ကူညီပေးမယ်။ လူမနေဘဲ ကြာနေပြီးဖြစ်တဲ့ အိမ်တွေဆိုလိုရှိရင်လည်း နည်းနည်းပါးပါးတော့ ပျက်စီးဆုံးရှုံးမှုတွေရှိနိုင်တယ်။ အဲဒီအတွက်လည်းပဲ အစိုးရက အိမ်ဆောက်ပစ္စည်းကိရိယာတွေကို ပံ့ပိုးမယ်။ ပြီးတော့ နယ်ရပ်ပြန်တွေ အတွက် နေရပ်ကိုရောက်တာနဲ့ တစ်လောက်လောက် စားနပ်ရိက္ခာ ပံ့ပိုးပေးဖို့အတွက် စီစဉ်ထားတာ ရှိတယ်။ အဲဒါတွေအားလုံးက နယ်ရပ်ပြန်များက ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လို့ရပြီလို့ စိတ်ချလက်ချ ကိုယ့်သဘောနဲ့ ပြန်တဲ့လူတွေကိုမှ ကူညီပေးဖို့ဖြစ်တယ်။ မပြန်ချင်ဘူးဆိုရင်လည်း နေလို့ရတယ်” ဟုပြောသည်။
တိမ်ညိုစစ်ဘေးရှောင်စခန်းတွင် ပြီးခဲ့သော မတ်လ ၁၇ ရက်နေ့ ည ၈ နာရီအချိန်ခန့်က မီးလောင်မှုတစ်ခုဖြစ်ပွားမှုကြောင့် တဲအိမ် ၆၀၀ ကျော်ဆုံးရှုံးခဲ့ရပြီး လူပေါင်း ၂၅၀၀ ကျော် အိုးမဲ့၊ အိမ်မဲ့ဖြစ်သွားခဲ့သည်။
၄င်းစခန်းတွင် ပေါက်ပင်ကွင်း၊ လက္ကာ၊ ဘူးရွက်မညိုးစသည့် ကျေးရွာများမှာ အိမ်ထောင်စု (၈၇၅) စုနှင့် လူဦးရေ (၃၃၅၅) ဦးရှိကြောင်း သိရှိရသည်။
https://www.facebook.com/narinjara.info/posts/4146678785344167