မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ စစ်ကောင်စီကသွားရောက်ကြည့်ရှု့၊ ဒုက္ခသည်များကို နေရပ်ပြန်ရန် ဖိအားပေး ပြောဆိုခဲ့ဟုဆို

By Western News/ 2021 March 18

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိမ်ညိုစစ်ဘေးရှောင်စခန်းမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်ဒုက္ခသည်များကို နေရပ်ပြန်ရန် ယနေ့ မတ်လ ၁၈ ရက်နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်က ပြောဆိုခဲ့သည်ဟု စခန်းတာဝန်ခံများကပြောဆိုသည်။

အဆိုပါမီးလောင်သွားသည့် စစ်ဘေးရှောင်စခန်းသို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များက စစ်ဘေးရှောင်များနှင့် သွားရောက်တွေ့ဆုံပြောဆိုခဲ့ရာတွင် ယခုအချိန်မှာတိုက်ပွဲရပ်တန့်နေပြီဖြစ်သလို မိုင်ရှင်းလင်းရေးလည်းလုပ်နေပြီဖြစ်ကြောင်း၊ စစ်ဘေးရှောင်များကိုနေရပ်ပြန်ဖို့ဖိအားပေးပြောဆိုခဲ့သည်ဟု ယာယီစခန်းတာဝန်ခံကိုစိုးနိုင်က ပြောသည်။

” သူတို့ကဖိအားပေးတဲ့သဘောပါပဲ။ သူတို့ပြောတာက အခုအချိန်မှာတိုက်ပွဲလည်းမရှိတော့ဘူး။ သေနတ်သံလည်းမကြားရတော့ဘူး။ မိုင်းတွေရှင်းလင်းရေးဆိုလည်းသူတို့တာဝန်ယူပေးတယ်။ အိမ်ပြန်မယ်ဆိုရင်လည်း သူတို့အနေနဲ့တစ်လစာရိက္ခာထောက်ပံ့ပေးမယ်။ ပျက်စီးသွားတဲ့အိမ်တွေကိုလည်း ပြန်‌ဆောက်ပေးမယ်။ အဲ့လိုဆိုရင်ခင်ဗျားတို့ပြန်လို့ရပြီဆိုပြီးတော့ပြောခဲ့တယ်”ဟု ပြောသည်။

တိမ်ညိုစစ်ဘေးရှောင်စခန်းရှိ စစ်ဘေးရှောင်းများနှင့်သွားရောက်တွေ့ဆုံခဲ့သူများမှာ ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဌဒေါက်တာအောင်ကျော်မင်း ၊ အတွင်းရေးမှုး ဦးသန်းထွန်း၊ ဥပဒေချုပ် ဦးလှသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်နှင့် တိုင်မှူးကြီးများပါဝင်ခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စကိစ္စနှင့်ပတ်သက်၍ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့် က” စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်ရင် ကျွန်တော်တို့က ဝိုင်းဝန်းဆောင်ရွက်ပေးမယ်။ လိုတာတွေပြင်ပေးမယ်။ စားစရာတွေပေးမယ်။ အဝတ်အစားတွေ လည်းပေးမယ်။ မိုင်တွေလည်းရှင်းပေးမယ်ဆိုပြီးတော့ ပြောဆိုခဲ့တယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တိမ်ညိုဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာပြီးနောက်နေရပ်ပြန်နိုင်ရေးပြောဆိုခဲ့မှုနှင့် ပတ်သက်၍ ဒုက္ခသည်များအနေနဖြင့် ကျေးရွာအနီးများတွင် တပ်မတော်တပ်စခန်းများ ရှိနေသောကြောင်းနှင့် နေရပ်ပြန်ရန် လက်တစ်လောတွင်အဆင်မပြေသေးသည့်အတွက် မပြန်လိုကြောင်းပြောဆိုသည်။

လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မတ်လ ၁၇ ရက်နေ့က စခန်းတစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့ရာ လူနေဆောင် ၇၀၀ မီးလောင်ရှုံးဆုံးခဲ့ပြီး လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာ၊ အဝတ်အထည်များမရှိဘဲဖြစ်နေကြသည်။

လက်ရှိတွင် မီးဘေးသင့်လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာအပြင် စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ၊ ချက်ပြုတ်စားသောက်မည့် အိုး၊ခွက်၊ ပန်းကန်များအရေးပေါ်လိုအပ်လျက်ရှိနေကြသည်။

https://www.facebook.com/westernnewsagency/posts/252000756606436

Leave a Reply

Your email address will not be published.