မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြန်လည်ဆောက်ပေးမည်မဟုတ်ဟု စစ်ကောင်စီပြော

By Western News/ 2021 March 19

ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့နယ်မှ လူနေဆောင် ၇၀၀ မီးလောင်ကျွမ်းသွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ပြန်လည်တည် ဆောက်ပေးမည်မဟုတ်ဟု ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းကပြောသည်။

မီးလောင်ကျွမ်းသွားသည့် စစ်ဘေးရှောင်စခန်းသို့ ယမန်နေ့ မတ်လ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဌဒေါက်တာအောင်ကျော်မင်း ၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ ဥပဒေချုပ် ဦးလှသိန်း၊ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန့်နှင့် တိုင်မှူးကြီးတို့က စစ်ဘေးရှောင်များနှင့် တွေ့ဆုံစဉ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းက ” အခုထောက်ပံ့ငွေတွေက မီးဘေးသင့်ခဲ့တဲ့ အတွက်ထောက်ပံ့ပေးတာဖြစ်တယ်။

အခုလိုစစ်ဘေးရှောင်စခန်းကိုပြန်လည်တည်ဆောက်မယ်ဆိုတာမဖြစ်နိုင်တော့ပါ။ အစိုးရလည်းဆောက်ပေးမည် မဟုတ်ပါဘူး။ အလှူရှင်တွေလည်းလှူဒါန်းမည်မဟုတ်ပါ။ ကျွန်တော်ကိုယ်တိုင်သိပါတယ်။ အခုအချိန်မှာနိုင်ငံရေးအကြပ်အတည်းမရှိပါ။ ကိုဗစ်လည်းမရှိပါ။ ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ လောလောဆယ် စစ်ဘေးသင့်အဖြစ်နဲ့ လေးရက်ငါးရက်လောက်နေကြပါ။ ပြီးတော့ရွာကိုပြန်သွားစေချင်တယ်”ဟု ပြောသည်။

အလားတူ စစ်ဘေးရှောင်များအနေဖြင့်မိမိတို့နေရပ်သို့ပြန်သွားမည်ဆိုပါက စစ်ကောင်စီအနေဖြင့်အစစအရာရာ ကူညီဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ အတွင်းရေးမှူးဦးသန်းထွန်းကပြောသည်။

လူဦးရေ ၃၀၀၀ ကျော်နေထိုင်သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှာ မတ်လ ၁၇ ရက်နေ့က စခန်းတစ်ခုလုံးမီးလောင်ကျွမ်းသွားခဲ့ရာ လူနေဆောင် ၇၀၀ မီးလောင်ရှုံးဆုံးခဲ့ပြီး လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာ၊ အဝတ်အထည်များမရှိဘဲဖြစ်နေကြသည်။

လက်ရှိတွင် မီးဘေးသင့်လူဦးရေ ၂၇၁၆ ဦးတို့မှာ နေထိုင်မည့်နေရာအပြင် စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ၊ ချက်ပြုတ်စားသောက်မည့် အိုး၊ခွက်၊ ပန်းကန်များအရေးပေါ်လိုအပ်လျက်ရှိနေကြသည်။အဆိုပါစစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၁၃ ရွာမှာလာရောက်ခိုလှုံနေကြရခြင်းဖြစ်ပြီး အိမ်ထောင်စု ၈၅၄ စုနှင့် လူဦးရေ ၃၃၅၅ ဦးရှိကြောင်းသိရသည်။

အဆိုပါ တိမ်ညိုစစ်ဘေးရှောင်စခန်း ပြီးခဲ့သော ၂၀၁၉ ခုနှစ်အတွင်းက ပြည်တွင်းပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေများနှင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

https://www.facebook.com/westernnewsagency/posts/252443103228868

Leave a Reply

Your email address will not be published.