မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၂ ရွာမှ နေအိမ် ၁၄ဝ ကျော်ကို ပြန်လည်တည် ဆောက်ရန် စစ်ကောင်စီက တင်ဒါခေါ်ယူ

By Development Media Group (DMG) / 2021 March 29

မီးရှို့ခံခဲ့ရသည့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် ဘုရားပေါင်း နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၁၄ဝ ကျော် ဆက်လက်ဆောက်လုပ်ရန်အတွက် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ တင်ဒါခေါ်ယူနေကြောင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် စက်တင်ဘာ ၈ ရက်ညနေပိုင်းက မီးရှို့ခံရသည့် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁ဝ နှင့် တောင်ပေါက် ကျေးရွာမှ နေအိမ် ၇၄ အိမ် စုစုပေါင်း ၁၈၄ အိမ်ကို ပျက်စီးရှုံးဆုံးခဲ့ရသည်။ ယင်းအထဲမှ နေအိမ်အလုံး ၄၀ ကို ယခင်အစိုးရ လက်ထက်က တစ်အိမ်လျှင်ငွေကျပ် သိန်း ၅ဝ ဖြင့် ဆောက်လုပ်ပေးခဲ့သည်။

လက်ရှိအချိန်၌ ပြန်လည်တည်ဆောက်ပေးရန်ကျန်ရှိသည့် နေအိမ် ၁၄၄ အိမ်ကို ဆောက်လုပ်နိုင်ရန်အတွက် တစ်အိမ်ကို သိန်း ၄ဝ ကျော်ခန့်ဖြင့် တင်ဒါခေါ်ယူ လျက်ရှိကြောင်း၊ တင်ဒါခေါ်ယူပြီးချိန်တွင် နေအိမ်များကို ယခင်အစိုးရလက်ထက်ကဆောက်လုပ် ပေးထားသည့်ပုံစံအတိုင်း ဆောက်ပေးသွားမည်ဟု ရခိုင်ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီမှ အတွင်းရေးမှူး ဦးသန်းထွန်းက Western News သို့ပြောသည်။

“တစ်အိမ်ကို သိန်း ၄ဝ ကျော်နဲ့ နေအိမ်အလုံး ၁၄၄ ဆောင်အတွက် တင်ဒါခေါ်ယူနေတယ်။ အိမ်ကတော့ ယခင်ပုံ စံအတိုင်းပဲ ဆောက်လုပ်ပေးမှာပါ။ တင်ဒါတွေခေါ်ပြီးတဲ့အခါ အိမ်တွေကို ဆောက်လုပ်မှာပါ။ အခုအစီစဉ်က လုပ်ပြီးသားအစီစဉ်ဖြစ်နေတော့ တင်ဒါ နှစ်ဖွဲ့ ဒါမှမဟုတ် သုံးဖွဲ့လောက်ပါမယ်။ ရွာသားတွေကိုလည်း အိမ်မှာ နေရင်း နဲ့ဝင်ငွေရရှိအောင် Cash for Work အတွက် ဆောက်လုပ်ရေးမန်နေဂျာနဲ့ဆွေးနွေးညှိနှိုင်းနေပါတယ်”ဟု ပြော ပြောသည်။

ယင်းအပြင် ဘုရားပေါင်းနှင့် တောင်ပေါက်ကျေးရွာမှ ဆောက်လုပ်ပေးထားသည့်နေအိမ်အလုံး ၄ဝ မှာအလျား ၂၄ ပေ၊ အနံ ၁၆ ပေ နှင့် အမြင့် ၈ ပေရှိပြီး တစ်အိမ်လျှင်ငွေကျပ်သိန်း ၄၉ သိန်း ၂ သောင်း ၆ ထောင်ကျပ်ဖြင့် စိုးသန်းနိုင်ဆောက်လုပ်ရေးကုမ္ပဏီမှ တင်ဒါအောင်ကာ ဆောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယခင်အစိုးရလက်ထက်က နေအိမ် အလုံး ၂ဝ ကို မဲစနစ်ဖြင့်ဆောက်လုပ်ပေးခဲ့သဖြင့် အချိန်ကြန့် ကြာမှုများရှိခဲ့ကြောင်း၊ လက်ရှိအချိန်တွင် မိုးရာသီရောက်တော့မည်ဖြစ်သည့်အတွက် ယခုဆောက်လုပ်ပေးမည့်နေအိမ်များကို အမြန်ဆုံး တည်ဆောက်ပေးစေချင်ကြောင်း ဘုရားပေါင်းကျေးရွာသားတစ်ဦးကပြောသည်။

“အရင်တုန်းက ဆောက်ခဲ့တဲ့ အိမ်တွေဟာ မဲစနစ်နဲ့ဆောက်လုပ်တာဖြစ်တယ်။ ပထမဦးစားပေး၊ ဒုတိယ ဦးစား ပေးနဲ့ တတိယဦးစားပေးပေါ့။ ခုအိမ် ၄ဝဟာ ပထမဦးစားပေးမဲကျတဲ့သူတွေ။ ကျွန်တော်တို့က တတိယ ဦးစား ပေးထဲမှာပါ။ ပထမဦးစားပေး တစ်ရွာကို ၂ဝစီဆောက်ပေးတာတောင် ၂ လကျော် ၃လရှိပြီ။ဒါတောင်အကုန်မပြီး သေးဘူး။ ခုဆက်လက်ဆောက်ပေးမယ်ဆိုရင် ကျွန်တော်တို့လည်း မြန်မြန်ဆောက်ပေးစေချင်ပါတယ်။ လမယ့် တစ်လအတွင်း မိုးကရွာတော့မှာဆိုတော့ ခုကတဲထိုးပြီးနေတာ လုံးဝအဆင်ပြေမှာ မဟုတ်ဘူး”ဟုပြောသည်။

ပြီးခဲ့သည့် ၂၀၂ဝ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့ ညနေပိုင်း အချိန်တွင် ဘုရားပေါင်းကျေးရွာအနီးရှိကာလမ်းမပေါ် တွင် မိုင်းပေါက်ကွဲပြီး နောက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးလုပ်ရာတွင် ဘုရားပေါင်းကျေးရွာမှ နေအိမ် ၁၁ဝ နှင့် တောင်ပေါက်ကျေးရွာမှ နေအိမ် ၇၄ ဆောင်တို့မီးရှုံ့ခံလိုက်ရခြင်းဖြစ်သည်ဟုကျေးရွာသားများက ပြောဆိုသည်။တပ်မတော်ကပြောဆိုရာတွင် အဆိုပါကျေးရွာ နှစ်ရွာကို ရက္ခိုင့်တပ်တော် AA က မီးရှို့ခဲ့သည်ဟုပြောဆိုခဲ့ပြီး AA က တပ်မတော်ကမီးရှိုှု့ ခြင်းသာဖြစ်သည်ဟုပြောဆိုသည်။

https://www.facebook.com/102405104899336/posts/260301215776390/

Leave a Reply

Your email address will not be published.