By Development Media Group (DMG) / 2021 April 4
အောင်ထိန် ရေးသားသည်။
သံသေတ္တာများ၊ အိုးခွက်ပန်းကန်များ ပြန့်ကြဲနေသည့်နေရာတစ်ဝိုက်တွင် မီးခိုးနံ့များက လွှမ်းခြုံလျက်ရှိ နေသည်။ အဆိုပါနေရာမှ အသုံးပြု၍ရနိုင်မည်ဟုယူဆသောပစ္စည်းများကို လူတစ်ချို့က ရှာဖွေရွေးထုတ်လျက် ရှိကြသည်။ လူတစ်ချို့ဆိုသည်မှာ အခြားသူများတော့မဟုတ်ပေ၊ စစ်ဘေးရှောင်ဟုခေါ်ကြသော ဒုက္ခသည် များပင်ဖြစ်သည်။
ရခိုင်ပြည်နယ်၏ ရှေးဟောင်းမြောက်ဦးမြို့တော်နှင့် ၁၀ မိုင်ခန့်သာကွာဝေးပြီး အဝေးပြေးလမ်းမကြီးဘေးတွင် အစိမ်းရောင်တာလပတ်များဖြင့်မိုးကာထားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို ယင်းနေရာမှဖြတ်သွားဖြတ်လာ ခရီးသွားသူတိုင်း တွေ့မြင်မိကြမည်ဖြစ်သည်။
လူဦးရေသုံးထောင်ကျော်ခိုလှုံလျက်ရှိသော ယင်းစစ်ဘေးရှောင်စခန်းမှာ မတ်လ ၁၇ ရက်နေ့ ညအချိန်တွင် ပြာပုံအဖြစ်ကို နေ့ချင်းညချင်းရောက်သွားခဲ့ရသည်။ စစ်ဘေးရှောင်များခိုလှုံနေသည့် ယာယီတဲဆောင် တစ်ခုတွင် ဖယောင်းတိုင်မီးအသုံးပြုရာမှ စတင်မီးလောင်ကျွမ်းကာ စခန်းတစ်ခုလုံးကို ပြာအဖြစ်သို့ ပြောင်းလဲ ပစ်ခြင်းလည်းဖြစ်သည်။ မီးလောင်မှုကြောင့် စခန်းရှိယာယီတဲပေါင်း ၈၇၅ လုံးတွင် ၆၆၃ လုံး ပျက်စီးသွားခဲ့ကာ စစ်ဘေးရှောင်ဦးရေ ၂၅၆၀ ကျော် မီးဘေးသင့်သူများအဖြစ်သို့ ရောက်သွားခဲ့ရသည်။
နှစ်ခါပြန် ဒုက္ခသည်များ
ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြောက်ဦးမြို့နယ် အတွင်းက လက္ကာ၊ ပေါက်ပင်ကွင်း၊ အောက်သကန်၊ ဘူးရွက်မညိုးအပါအဝင် ကျေးရွာပေါင်း (၁၀)ရွာမှ ဒေသခံ များမှာ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှစပြီး တိမ်ညိုစစ်ဘေးရှောင်စခန်း၌ ဒုက္ခသည်အဖြစ်နှင့် လာရောက်ခိုလှုံ နေကြသည်။
အသက် ၃၀ ကျော်အရွယ် မခိုင်စိုးဝင်းမှာ မိသားစုနှင့်အတူ ၂၀၁၉ ခုနှစ် ဧပြီလတွင် လက္ကာကျေးရွာမှ စစ်ဘေး တိမ်းရှောင်လာခဲ့သူဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မေလ ၁၆ ရက်နေ့က လက္ကာကျေးရွာ မီးရှို့ခံရစဉ် နေအိမ်အလုံး ၂၀၀ ခန့် မီးလောင်ဆုံးရှုံးသွားရာတွင် မခိုင်စိုးဝင်းတို့နေအိမ်လည်း ပါဝင်သွားခဲ့သည်။ ယခုအခါတွင်လည်း တိမ်ညိုစစ်ဘေးရှောင်စခန်းမီးလောင်ရာ၌ မခိုင်စိုးဝင်းတို့မိသားစုနေထိုင်သည့် ယာယီတဲ မီးထဲပါသွားခဲ့ ပြန်သည်။
ချွေးနှဲစာနှင့်စုဆောင်းထားသည့် ငွေကျပ်ရှစ်သိန်းမှာ ယာယီတဲနှင့်အတူမီးလောင်ကျွမ်းသွားသည်ကို စခန်း အနီးရှိ ကန်ပေါင်ရိုးမှ ထိုင်ကြည့်နေခဲ့ရကြောင်း မခိုင်စိုးဝင်းက ထိုနေ့ကကြုံတွေ့ခဲ့ရသည့် အဖျက်အပျက်ဆိုးကို ပြောပြသည်။
“တဲထဲကနေထွက်ကြည့်လိုက်တော့ ကိုယ့်တဲအိမ်ရှေ့မှာ အကုန်လုံးမီးတွေဖြစ်နေပြီ။ ဘာမှယူချိန်မရတော့ဘဲ သမီးလေးကို လက်ဆွဲပြီးပြေးခဲ့ရတယ်”
တိုက်ပွဲကြောင့် မရှူသာမရှိုက်သာဖြစ်နေသည့် စစ်ဘေးရှောင်ဘဝနှင့်ရုန်းကန်နေရချိန်တွင် မီးဘေးဒဏ်က တစ်ခါ မခိုင်စိုးဝင်းတို့အပေါ် အငြိုးအတေးကြီးစွာ ရက်စက်သွားခဲ့သည်။
ပေါက်ပင်ကွင်းကျေးရွာမှ အသက် ၆၀ ကျော်အရွယ် ဒေါ်သာနုစိန်တွင်မူ စစ်ဘေးရှောင်စခန်းအတွင်း ယိုင်နဲနဲ ဖြစ်နေသည့်တဲအိမ်အားပြုပြင်ရန် စုဆောင်းထားသည့် ငွေကျပ်လေးသိန်းကို မီးကဝါးမျိုသွားခဲ့သည်။
ဒေါ်သာနုစိန်က “ကျွန်မတို့မှာ ပစ္စည်းဥစ္စာဆိုလို့ အဲဒါလေးတစ်ခုပဲရှိတော့တာ” ဟု ညိုးညိုးငယ်ငယ် မျက်နှာဖြင့် ပြောပြသည်။
“စစ်ပွဲဒဏ်ကတစ်မျိုး၊ အခုထပ်ပြီးဒုက္ခဖြစ်ရတော့ ကျွန်မတို့အကုသိုလ်ကံလိုက်နေတာပဲ။ ကျွန်မတို့ဘဝတွေက သေတာထက် မထူးပါလားလို့တွေးမိတယ်”ဟု ဒေါ်သာနုစိန်တစ်ယောက်တစ်ယောက် ညည်းတွားလေသည်။
လတ်တလောနေစရာမဲ့နေသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ တိမ်ညိုဘုန်းတော်ကြီး ကျောင်းတွင် ယာယီခိုလှုံလျက်ရှိကြသည်။
တိမ်ညိုစခန်းမှ စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်မလား
လူပေါင်းနှစ်ထောင်ကျော်မီးဘေးသင့်ခဲ့သည့် တိမ်ညိုစစ်ဘေးရှောင်စခန်းသို့ မတ်လ ၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပါအဝင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးတို့ သွားရောက်ခဲ့ကြသည်။
“လက်ရှိမီးလောင်သွားတဲ့နေရာမှာ ပြန်လည်နေရာချထားပေးမှာ မဟုတ်ဘူး။ စစ်ဘေးရှောင်တွေအနေနဲ့ မိမိနေရပ်သို့ပြန်စေချင်တယ်။ နေရပ်ပြန်မယ်ဆိုရင် ရိက္ခာတစ်လစာထောက်ပံ့ပေးမယ်” ဆိုသည့် စကားသံ များက စစ်ဘေးရှောင်များ၏ရင်ထဲကို မအေးချမ်းစေခဲ့ပေ။
စစ်ဘေးရှောင်များ နေရပ်ပြန်မည်ဆိုပါက ယာယီနေအိမ်များဆောက်လုပ်ပေးမည်ဖြစ်ကာ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြည်နယ်ကောင်စီမှ ပြောသော်လည်း မိုင်းနှင့်စစ်ကျန်လက်နက်များ၏အန္တရာယ်က စစ်ဘေးရှောင်များနေရပ်ပြန်ရေးအတွက် အတားအဆီးတစ်ခု ဖြစ်နေလေသည်။ ထို့ပြင် ကျေးရွာအနီးတစ်ဝိုက်တွင် နေရာယူထားကြသည့် တပ်မတော်ယာယီတပ်စခန်းများ ရှိနေခြင်းကလည်း စိုးရိမ်မှုကိုဖြစ်စေကြောင်း စစ်ဘေးရှောင်များကပြောဆိုကြသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လင်းဦးက ယင်းသို့ တပ်မတော်မှ တပ်စွဲထားသည်များကို စိုးရိမ်စရာမလိုကြောင်း စစ်ဘေးရှောင်များနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပေသည်။
“တပ်ကရှိနေတော့ ဘာပြဿနာရှိလဲ။ အဲဒီတပ်ကလာပြီးတော့ နှိပ်စက်လား၊ ရွာထဲလာလို့အနိုင်ကျင့်လား ကျွန်တော်အရေးယူပေးမယ်။ အဲဒီတပ်ကို အရေးယူပေးမယ်” ဟု ဗိုလ်ချုပ်ထင်လင်ဦးက စစ်ဘေးရှောင်များ၏ အရှေ့တွင် ပြောဆိုခဲ့သည်။
သို့သော် နေရပ်ပြန်မည့်သူများအနေဖြင့် ကျေးရွာနှင့်အလှမ်းဝေးသည့် တောတောင်များသို့မသွားကြရန်နှင့် အဆိုပါ တောတောင်များတွင် မိုင်းမရှင်းလင်းရသေးကြောင်းလည်း တိုင်းမှူးက အသိပေးပြောကြားခဲ့သည်။
စစ်ဘေးတိမ်းရှောင်နေသည့် ကျေးလက်နေပြည်သူအများစုမှာ လယ်ယာလုပ်ငန်း၊ ဥယာဉ်ခြံမြေလုပ်ငန်းများနှင့် တောတောင်များကိုမှီခိုကာ လုပ်ကိုင်စားသောက်နေကြသူများသာဖြစ်ကြသဖြင့် မိမိနေရပ်သို့ပြန်ပြီး တောတောင်များသို့မသွားရောက်ရပါက ဘယ်အလုပ်အကိုင်ကို လုပ်ကိုင်စားသောက်ရမလဲဆိုသည်ကို စစ်ဘေးရှောင်များမှာ မိမိကိုယ်မိမိပင် အဖြေမပေးနိုင်ကြသေးပေ။
“ရွာကိုပြန်သွားမယ်ဆိုရင် လုံခြုံမရှိဘူးလို့ခံစားရတယ်။ စားစရာလည်းမရှိဘူး၊ နေစရာလည်းမရှိဘူး။ လုပ်ကိုင် စရာလည်း ဘာမှမရှိတောဘူး။ ကျွန်မတို့မှာ ဘဝပြန်လည်ထူထောင်ဖို့ ဗလာနတ္ထိပဲ” ဟု အောက်သားကန် ကျေးရွာမှ အသက် ၅၀ ကျော်အရွယ် ဒေါ်စိန်စိန်ဌေးကပြောသည်။
မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းကျေးရွာမှ စစ်ဘေးတိမ်းရှောင်လာခဲ့သည့် ဦးကျော်ကျော်ကမူ လတ်တလော အခြေအနေတွင် နေရပ်ပြန်ရန်မဖြစ်နိုင်သေးကြောင်း ယတိပြတ်ပြောဆိုသည်။
“ကျွန်တော်တို့ရဲ့ဘဝဟာ လယ်ယာ၊ ဥယျာဉ်တွေလုပ်ကိုင်စားသောက်ပြီးကြီးပြင်းလာတာ။ အခု စစ်ဘေးသင့်၊ မီးဘေးသင့်ဖြစ်ရတယ်။ အသက်တစ်ချောင်း လွတ်မြောက်တာတစ်ခုပဲရှိတယ်၊ ကျန်တာဘာမှမရှိတော့ဘူး။ ဒီလိုအချိန်မှာ ရွာပြန်ပြီးလယ်ယာ၊ ဥယျာဉ်တွေကို ပြန်လုပ်ကိုင်မယ်ဆိုတာမဖြစ်နိုင်သေးဘူး” ဟု ဆိုသည်။
လက်ရှိမှာ စစ်ဘေးရှောင်များ၏ သဘောဆန္ဒအတိုင်းမီးလောင်သွားသည့် တိမ်ညိုစစ်ဘေးရှောင်စခန်းကို အလှူရှင်များ၏ အကူအညီဖြင့် မူလနေရာတွင်ပြန်လည်ဆောက်လုပ်ပေးသွားမည်ဟု စခန်းတာဝန်ရှိသူများက ဆုံးဖြတ်ထားကြသည်။
“စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်ပြန်မယ်ဆိုရင်ပြန်လို့ရတယ်ပေါ့။ တကယ်လို့မပြန်ဘူးဆိုရင် ပြန်လည်နေရာ ချပေးဖို့စီစဉ်မယ်လို့ ကျွန်တော်တို့ပြောတော့ သူတို့ကနေရပ်မပြန်ဘူး။ မီးလောင်သွားတဲ့နေရာမှာဘဲ နေမယ်လို့ တောင်းဆိုကြတယ်” ဟု စခန်းတာဝန်ခံဦးစိုးနိုင်က ပြောပြသည်။
မကြာမီ မိုးရွာသွန်းလာတော့မည်ဖြစ်သဖြင့်နေအိမ်များဆောက်လုပ်၍ မပြီးစီးနိုင်ပါက နေထိုင်ရေးအတွက် အခက်အခဲဖြစ်လာမည်ကို စစ်ဘေးရှောင်များက စိုးရိမ်နေကြသည်။
ရခိုင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည့် ၂ နှစ်တာကာလအတွင်း ဒေသခံပြည်သူ ၂ သိန်းကျော်မှာ နေရပ်များကို စွန့်ခွာကာ စစ်ဘေးရှောင်စခန်းများနှင့် အခြားဘေးလွတ်ရာနေရာများသို့ ထွက်ပြေးခိုလှုံခဲ့ကြရသည်။
တပ်မတော်နှင့် အေအေတို့၏ တိုက်ပွဲများမှာ နိုဝင်ဘာလအတွင်းမှ လက်ရှိအချိန်တိ ရပ်တန့်နေခဲ့သည်မှာ ၅ လခန့်ကြာမြင့်လာပြီဖြစ်သော်လည်း နှစ်ဖက်သဘောတူလက်မှတ်ရေးထိုးပြီး အပစ်ရပ်ထားခြင်းမျိုးမဟုတ်သဖြင့် သေနတ်သံများမှာ အာမခံချက်မရှိသေးပေ။
စစ်ဘေးတိမ်းရှောင်နေသူများထဲမှအချို့မှာ တိုက်ပွဲရပ်တန့်နေသည့် လတ်တလောအခြေအနေတွင် မိမိ နေရပ်သို့ပြန်ကြသည်များရှိသော်လည်း တိမ်ညိုစစ်ဘေးရှောင်စခန်းမှ မခိုင်စိုးဝင်းအပါအဝင် အခြားသော စစ်ဘေးရှောင်အများစုမှာ မိမိတို့ချက်ကြွေရာအရပ်သို့ မပြန်နိုင်ဘဲရှိနေသေးသည်။
“ကျွန်မတို့ဘဝကို ဘယ်ကနေစရမယ်မှန်းမသိတော့ဘူး။ လက်ထဲမှာ ပိုက်ဆံတစ်ပြားမှမရှိတော့ သမီးလေးက မုန့်စားမယ်လို့တောင်းလာရင်တောင် မဝယ်ပေးနိုင်တော့ဘူး” ဟု မခိုင်စိုးဝင်းက ၆ နှစ်အရွယ်သမီးလေးအတွက် စိတ်မကောင်းဖြစ်စွာ ပြောလေသည်။
https://www.facebook.com/dmgnewsagency/posts/1982255758593492