By Western News/ 2021 March 26
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် မတ်လ ၇ ရက်နေ့က ဆန္ဒပြ ပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲများကဖမ်းဆီးစဉ် နေအိမ်အတွင်း စက်ချုပ်နေသည့် မယွန်းသင်္ဂီနိုင်လည်း ဖမ်းဆီးခံရပြီးနောက် မတ်လ ၂၆ ရက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာသည်။
ရွှေပြည်သာမြို့နယ်တွင် ဆန္ဒပြပြည်သူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့များကဖမ်းဆီးစဉ်အတွင်း နေအိမ်တွင် စက်ချုပ်နေသည့် မယွန်းသိင်္ဂီနိုင် အပါအဝင်လူပေါင်း ၄၀ ကျော်ဖမ်းဆီးခံလိုက်ရပြီး ရက်ပေါင်း ၂၀ အကြာတွင်ပြန်လည်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ဖမ်းဆီးခံခဲ့ရသည့် မယွန်းသိင်္ဂီနိုင်က Western News ကိုပြောသည်။
“ကျွန်မ ဒီနေ့ ၄ နာရီမှာ ပြန်လွှတ်လာပါတယ်။ အင်းစိန်အကျဉ်းထောင်က လွတ်လာတာပါ။ ကျွန်မနဲ့အတူ အဖမ်းခံရတဲ့သူ အယောက် ၃၀ ကျော်ပြန်လွတ်တာပါ။ မလွတ်သေးတဲ့ သူတွေကျန်ပါတယ်။ ကျွန်မက အိမ်ထဲမှာအလုပ်လုပ်နေရင်း ရဲတပ်ဖွဲ့ဝင်တွေက လာဖမ်းသွားတာပါ။ အဲ့ဒီနေ့က အဖမ်းခံရတာက ၄၉ ယောက်အဖမ်းခံရတာ။ အခုက ၃၀ ကျော်လောက်ပဲ လွတ်လာတယ်” ဟုပြောသည်။
မယွန်းသိင်္ဂီနိုင်သည် ရွှေပြည်သာမြို့နယ်၊ ရန်ကြီးအောင်လမ်း၊ ည/၁၁ ရပ်ကွက နေအိမ်အတွင်း စက်ချုပ်နေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကာယကံရှင် မယွန်းသိင်္ဂီနိုင်က Western News ကိုပြောသည်။
မယွန်းသင်္ဂီနိုင်ဖမ်းဆီးခံရပြီးနောက် အင်းစိန်အကျဉ်းထောင်တွင်ရှိ မရှိသိရှိနိုင်ရန် မယွန်းသင်္ဂီနိုင်မိသားစုဝင်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေတို့က စုံစမ်းမေးမြန်းခဲ့သော်လည်း ထောင်လုံခြုံရေးများက တိကျသောအဖြေကိုမပေးဘဲ စားသောက်ဖွယ်ရာများကို ထားခဲ့ရန်ပြောဆိုခဲ့သည်ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။
မယွန်းသိင်္ဂီနိုင်သည် အသက် ၁၉ နှစ်ရှိပြီဖြစ်ပြီး ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ ရွာထက်ရွာကျေးရွာကဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် စက်ချုပ်အလုပ်ကို လုပ်ကိုင်နေသည်မှာ လေးနှစ်ရှိပြီဖြစ်ကြောင်းသိရသည်။
https://www.facebook.com/102405104899336/posts/258494059290439/