ဖမ်းဆီးခံထားရသည့် ALD ပါတီဝင်တစ်ဦးအပါအဝင် တောင်ကုတ်ဒေသခံသုံးဦးကို ပုဒ်မနှစ်ခုဖြင့်အမှုဖွင့်

By Development Media Group / 2021 March 1

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် ဆန္ဒဖော်ထုတ်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)ပါတီဝင် တစ်ဦးအပါအဝင် ဒေသခံသုံးဦးတို့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နှင့် ငြိမ်းစုစီဥပဒေပုဒ်မ(၁၉)တို့ဖြင့် အမှုဖွင့်ခံထားရကြောင်း မိသားစုဝင်များထံမှသိရသည်။ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့က တောင်ကုတ်မြို့ပေါ်၌ အာဏာရှင်စနစ်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်စဉ် ALD ပါတီ ဗဟိုတွဲဖက်အတွင်းရေးမှူး ဦးကျော်ကျော်လင်း၊ ဒေသခံကိုလှိုင်မင်းထွန်း(ခ)သားကြီးနှင့် ကိုဇာနေထူး တို့ိကို ရဲနှင့်တပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။လက်ရှိမှာ ၎င်းတို့သုံးဦးကို တောင်ကုတ်မြို့မရဲစခန်း၌ ထိန်းသိမ်းထားပြီး မိသားစုဝင်များနှင့် တွေ့ခွင့်မရ သေးကြောင်း သိရသည်။ဖမ်းဆီးခံထားရသည့် ကိုသားကြီး၏ ညီမ မသန္တာက “ကျမတို့ အစ်ကိုနဲ့ တွေ့ခွင့်တောင်းတော့ တွေ့ခွင့် မပေးဘူး။ စခန်းမှူးက ကျမတို့အစ်ကိုတွေကို ငြိမ်းစုစီပုဒ်မအပါအဝင် ၅၀၅(က)နဲ့ အမှု့ဖွင့်ထားတယ်လို့ ကျမတို့ကိုပြောတယ်။ သူတို့နဲ့ တွေ့ခွင့်မရသေးတာကြောင့် ကျမတို့စိတ်ပူတယ်” ဟု ဆိုသည်။ဖမ်းဆီးခံထားရသူများ အမှုဖွင့်ခံရမှုနှင့်ပတ်သက်ပြီး ALD ပါတီ ဗဟိုအထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က “ကျနော်တို့လဲ စုံစမ်းနေတယ်၊ အာမခံပေးလို့ရမလား၊ ဒါမှမဟုတ် အမှုဖွင့်ထားပြီးပြီလားဆိုတာကို စုံစမ်း နေတယ်။ သေချာအတည်ပြုလို့မရသေးဘူး” ဟု ပြောသည်။ယင်းသို့ အမှုဖွင့်ထားသည့်ကိစ္စနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့မရဲစခန်းအား ဆက်သွယ်မေးမြန်းရန် ကြိုးပမ်း ခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။ရခိုင်ပြည်နယ်အတွင်း အာဏာရှင်စနစ်အလိုမရှိကြောင်းဆန္ဒဖော်ထုတ်ခဲ့သဖြင့် အမ်းမြို့နယ်မှ (၇)ဦး၊ တောင်ကုတ်မှ (၉)ဦး၊ မာန်အောင်မှ (၂)ဦးနှင့် သံတွဲမှ(၄)ဦး စုစုပေါင်း ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအထဲမှ အမ်းမြို့နယ်မှ ၇ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ငြိမ်းစုစီဥပဒေတို့ဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် အမ်းမြို့နယ်တရားရုံးမှ တစ်ဦးလျှင် ငွေဒဏ်ရှစ်သောင်းကျပ်စီ အမိန့် ချမှတ် ခဲ့သည်။

https://www.facebook.com/466648543487562/posts/1955587921260276/

Leave a Reply

Your email address will not be published.