By Development Media Group (DMG) / 2021 March 29

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် တင်းမကျေးရွာမှ ကျေးရွာသားများပျောက်ဆုံးနေသည်မှာ ၁ နှစ်ကျော် ကြာမြင့်လာပြီဖြစ်သော်လည်း သတင်းအစအန မရရှိသေးကြောင်း မိသားစုဝင်များက ပြောသည်။
ပျောက်ဆုံးနေသည့် တင်းမကျေးရွာသား ၁၈ ဦးကိစ္စနှင့်ပတ်သက်ပြီး ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းက စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထူးခြားမလာသေးကြောင်း ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များကဆိုသည်။
ပျောက်ဆုံးနေသူ ကိုမောင်ကြည်လင်း၏ အစ်မ မမြဝင်းကြည်က “ကျွန်မတို့ဖက်ကတော့ တစ်ခုခု ထူးခြားလာ မလားဆိုပြီးစောင့်နေတာ။ ဒါပေမယ့် အခုအချိန်ထိသူတို့ဆီက ဘာမှအကြောင်းမပြန်လာသေးဘူး။ စစ်ဆေး ထားတာတွေနဲ့ပတ်သက်ပြီး အမှား၊ အမှန်တစ်ခုခုတော့ ပြန်ပြောသင့်တယ်လို့ ကျွန်မထင်တယ်။ ဘာစကားပဲ ဖြစ်ဖြစ် သူတို့ဖက်အဖြေတစ်ခုခုပြောလာတာကိုတော့ မိသားစုတွေကကြားချင်ပါတယ်” ဟု ဆိုသည်။
၎င်းတို့ပျောက်ဆုံးနေမှုနှင့်ပတ်သက်ပြီး မိသားစုဝင်များက နိုင်ငံတော်အဆင့်အထိ အကြိမ်ကြိမ်တိုင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ယင်းဖြစ်စဉ်မှန်ကန်မှု ရှိ၊ မရှိကို သိရှိနိုင်ရန် မိသားစုဝင်များနှင့်သက်သေများကို မြောက်ဦး ခရိုင်ရဲတပ်ဖွဲ့က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်းတွင် ခေါ်ယူစစ်ဆေးမှုများပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းသန်းက တင်းမကျေးရွာသားများကိစ္စအား စုံစမ်း စစ်ဆေးနေဆဲဖြစ်သဖြင့် စစ်ဆေးမှုပြီးစီး၍အစီရင်ခံစာတက်လာသည့်အချိန်မှသာ ယင်းအစီရင်ခံစာအပေါ် မူတည်၍ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းပြောသည်။
“အဲဒီကိစ္စက မေးတုန်းမြန်းတုန်းပဲ၊ သက်သေစုံဖို့လိုတယ်။ သက်သေစုံမှသာ အထက်ကိုတင်ပြတဲ့အခါ ပြည့်စုံ မှာပေါ့။ ဒီတိုင်းပြီးရင်ပြီးရော ဘယ်လုပ်လို့ရမလဲ။ ကျနော်တို့ဖက်ကလည်း ဒီအမှုကို ဘယ်နေ့အပြီး စစ်ဆေး ရမယ်ဆိုပြီး အချိန်ကန့်သတ်ထားတာမရှိဘူး။ အမှုတစ်ခုစုံစမ်းတယ်ဆိုတာအချိန်ကန့်သတ်လို့မရဘူး။ တစ်ခါ တလေကျတော့လည်း အရေးကြီးတဲ့သက်သေတွေလိုတယ်လေ’’ ဟု ဗိုလ်မှူးကြီးမင်းသန်းက ဆိုသည်။
ယင်းသို့ပျောက်ဆုံးနေသူများ၏ကိစ္စကို အမြန်ဆုံးစုံစမ်းစစ်ဆေးပေးစေလိုကြောင်း ပျောက်ဆုံးနေသူ ကိုနေလင်းဦး၏မိခင် ဒေါ်ဦးသန်းရီက ပြောသည်။
“ကျွန်မတို့မိသားစုဝင်တွေ သွားရောက်စစ်ဆေးခံခဲ့တာတွေကို ရဲတွေအနေနဲ့ အမြန်ဆုံးစုံစမ်းပေးစေချင်တယ်။ ရှိရင်ရှိကြောင်း၊ မရှိရင်မရှိကြောင်းသိချင်တယ်။ ဒါကြောင့်ဒီကိစ္စတွေကို တပ်မတော်ဘက်ကရော အထက်က လူကြီးတွေကရော အားလုံးပူးပေါင်းပြီးတော့ အမြန်ဆုံးစုံစမ်းစစ်ဆေးပေးစေချင်ပါတယ်” ဟု ၎င်းကဆိုသည်။
တင်းမကျေးရွာသား ၁၈ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့နှင့် ၁၆ ရက်နေ့တို့တွင် နေအိမ် အတွင်း မိသားစုဝင်များနှင့်အတူရှိနေစဉ် တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးသွားခဲ့ပြီးနောက် လက်ရှိ အချိန်ထိ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောဆိုသည်။
ယင်းသို့ပျောက်ဆုံးနေသူများမှာ တင်းမကြီးကျေးရွာမှ ဦးထွန်းမောင်ဝင်း၊ ဦးအောင်ညွှန့်၊ ဦးကြည်လင်း၊ မောင်ဝင်းစိန်၊ မောင်ဝင်းကြီး၊ မောင်ဝင်းချေ၊ ဦးသန်းမောင်ထွန်း၊ ဦးယဉ်မောင်၊ မောင်ထွန်းထွန်းဝေ၊ ကိုနေလင်းဦးနှင့် တင်းမ(သစ်)ကျေးရွာမှ ဦးလှကျော်ကြီး၊ ဦးမောင်စိတ်ကြီး၊ ဦးမောင်ထွန်းစိန်၊ ဦးကျော်ဝင်းမောင်၊ ဦးမောင်သန်းစိုး၊ ဦးမောင်မြအေး၊ ဦးစံသာမောင်နှင့် ဦးစောရွှေသန်းတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ပျောက်ဆုံးနေသည်မှာ နှစ်နှင့်ချီကြာမြင့်နေပြီဖြစ်သဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးပါက အမြန်ဆုံးဆောင်ရွက်ပေးရန် မိသားစုဝင်များက တောင်းဆိုကြသည်။