By Western New / March 2 / 2021
Western New- မတ်လ ၂ ရက်
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စက်မှုဇုန် ရေဖြူကန် စစ်ဘေးရှောင်စခန်းတွင် ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလပထမပတ်လောက်ကစတင်ပြီး သောက်သုံးရေရှားပါးသည့်ပြဿနာနှင့် စားနပ်ရိက္ခာပြတ်တောက်နေသည့်အခက်အခဲများကို ရင်ဆိုင်နေကြရသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းတွင် သောက်ရေ၊ သုံးရေ ရှားပါးမှုကြောင်း ရေကို စခန်းနှင့် ကိုက် ၃၀၀ ခန့် ဝေးကွာသော ရေပေါက်ချောင်းကျေးက သွားခပ်ရကြရသော်လည်း ၄င်းရွာက ရွာသူ ရွာသားများက အစပိုင်းတွင် ရေခပ်ခွင့်ပေးခဲ့သော်လည်း ယခုနောက်ပိုင်း နွေဦးပေါက် ရာသီတွင် ရေနည်းပါးလာသည့်အတွက် ရေခပ်ခွင့်ကိုပိတ်ပင်လိုက်သည်။
ယင်းအပြင် စခန်းအနီးတလျောက်တွင် တူးဖော်လျှက်ရှိသော ရေတွင်းများထဲကရေမှာလည်း အနည်းငယ်ငံသည့်အတွက် အသုံးပြုရန်အဆင်မပြေဖြစ်နေသည်ဟု ယင်းစစ်ဘေးရှောင် စခန်းတာဝန်ခံ အတွင်းရေးမှူး ဦးကျော်တင်က Western News သို့ပြောသည်။
“ အဓိက ရေအခက်အခဲရှိတယ်၊ သောက်ရေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဝယ်သောက်နေကြရသလို ကိုက် ၃၀၀ လောက်ဝေးကွာတဲ့ ရေပေါက်ချောင်းရွာ ရေကန်ကလည်း သောက်ရေ သွားခပ်ရတယ်၊ အဲဒီရွာကရွာသားတွေ အရင်တုန်းကရေခပ်ခွင့်ပေးကြပေမယ့် အခုရေခပ်ခွင့် မပေးချင်ကြတော့ပါဘူး၊ စခန်းအနီးအနားမှာ ပေ ၄၀ ခန့် အနက်ရှိတဲ့ ရေတွင်း ၇ တွင်း တူးထားပေးပေမယ့် ၃ တွင်း သာ ဆေးကြောလျှော်ဖွတ်ရုံသက်သက်ဘဲ အသုံးပြုလို့ရတယ်။ အနံ့အသက်မကောင်းဘူး၊ ကျန်တဲ့ ၄ တွင်းက ရေသုံးလို့ လုံးဝမရဘူး၊ ရေငံပြီး ရေမကြည်ဘူး” ဟုပြောသည်။
စစ်အာဏာမသိမ်းခင် စစ်ဘေးရှောင်စခန်း၏ စားနပ်ရိက္ခာအတွက် လူမှုဝန်ထမ်းကယ်ဆယ်နေရးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း အထောက်အပံ့ မပေးသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလကစတင်ပြီး ယင်းဌာနမှစားနပ်ရိက္ခာထောက်ပံ့ပေးမှုမရှိတော့သဖြင့် စစ်ဘေးရှောင်များအနေဖြင့် ဖြစ်သလိုစားသောက်နေကြရသည်ဟု ယင်းစခန်းတွင်နေထိုင်သည့်စစ်ဘေးရှောင် ဦးမောင်အေးချေကပြောသည်။
“စားနပ်ရိက္ခာပိုင်းကျပြန်တော့လည်း အရင်တုန်ဆိုရင် လူကယ်ပြန်က စားနပ်ရိက္ခာတွေပေးတယ်။ အခုထောက်ပံ့ မူတွေ ၂ လပိုင်းကပင် လုံးဝမရတော့ဘူး။ အရင်ဆို လဆန်းတာနဲ့ပေးတယ်၊ စားနပ်ရိက္ခာတွေမပေးရင်တောင် ဒုက္ခသည်တစ်ဦးကို ငွေ ၁ သောင်းခွဲစီပေးတယ်။ အဓိကတော့ စားကုန်ပစ္စည်းဆိုရင် ဆန်က အခြေခံပါ၊ ဆန်တစ်ခုရရင် အဆင်ပြေပါတယ်။ အခုကလက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကလည်း ဆောင်ရွက်ပေးတာတွေမရှိသေးဘူး။ အစိုးရရဲ့ကူညီထောက်ပံ့မှုကိုမျော်နေရင်းနဲ့ လူမှုအဖွဲ့အစည်းတွေကို ကမ်းလှမ်းထားပါတယ်။ လက်တလော အခြေအနေမှာ စားသောက်ဖို့အတွက် ကိုယ့်နည်းကိုယ်ဟန်နဲ့ဖြေရှင်းနေကြရတယ်။ ဒီပြသနာတွေကို ကူညီဖြေရှင်းပေးဖို့ပြည်တွင်းပြည်ပက လူမှုအဖွဲ့အစည်းတွေရဲ့ အကူအညီတွေ လိုအပ်နေပါတယ်” ဟု ပြောသည်။
အဆိုပါပုဏ္ဏားကျွန်းစစ်မှုဇုန်စခန်းတွင် လူဦးရေ ၈၈၉ ဦးရှိပြီး ၊အိမ်ခြေ ၂၂၀ ရှိသည်။ ယင်းစခန်းတွင် ကျောက်ဆိပ်၊ သာစည်၊ ဒိုးဒမ်း၊ ပိန္နဲတောစသည့် ကျေးရွာများကခိုလှုံနေထိုင်ကြသည့်အပြင် ပလက်ဝမြို့နယ် မီးဝနှင့် နာမတာကျေးရွာတို့ကလည်း ခိုလှုံလျှက်ရှိကြသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြသည့်အတွက် မြောက်ဦး၊မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေမြို့နယ်တို့၌ စုစုပေါင်းစစ်ဘေးရှောင်စခန်း ၁၄၈ ခုရှိပြီး လူဦးရေ တစ်သိန်းကိုးသောင်းကျော် ရှိနေသည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC စာရင်းအရသိရသည်။
https://www.facebook.com/102405104899336/posts/241198347686677/