By Narinjara/ 2021 March 5
သျှင်မင်းဇံ၊ ဇွဲဓန(ကိန်းသာမြေ)

NLD အစိုးရကို ဆန့်ကျင်ဆန္ဒပြ၍ နိုင်ငံတော်အကြည်အညိုပျက်စေပုဒ်မ ၅၀၅ (ခ)ဖြင့် တရားစွဲခံနေရသည့် ရခိုင်ကျောင်းသား ၄ ဦးသည် ဘေး/စီမံပုဒ်မဖြင့် ထပ်မံ အမှုဖွင့်ခံလိုက်ရကြောင်း သတင်းရရှိသည်။၎င်းတို့ ၄ ဦးအား ယနေ့နေ့လယ်က စစ်တွေမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးစဉ် ယခုကဲ့သို့ ပုဒ်မတစ်ခုထပ်တိုးလာခဲ့ခြင်းဖြစ်သည်ဟု စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ပြောသည်။”ပုဒ်မ ၅၀၅ (ခ)နဲ့ ဖမ်းဆီးချုပ်နှောင်းခံထားရတဲ့ ကျောင်းသား ၄ ယောက်ကို ထပ်ပြီးတော့မှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပုဒ်မ (၂၉) နဲ့ ထပ်ပြီးတော့ စွဲဆိုလိုက်တယ်”ဟု ၎င်းက မီဒီယာများကိုပြောခဲ့သည်။၎င်းတို့ ၄ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၉)ဖြင့် ဘာကြောင့် စွဲဆိုရခြင်းဖြစ်သည်ကို မသိရသေးသော်လည်း သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒု-ဦးစီး ဦးအောင်ဇံဝေက တရားလိုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။တရားစွဲခံနေရသည့် တက္ကသိုလ်ကျောင်းသား ၄ ဦးမှာ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုကျော်နိုင်ဌေး၊ တွဲဘက်သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုဦးသန်းနိုင်၊ ကျောက်ဖြူ ပညာရေးကောလိပ် ကျောင်းသားသမဂ္ဂမှ တွဲဘက်အတွင်းရေးမှူး ကိုမြတ်စိုးဝင်းနှင့် ဒဂုံတက္ကသိုလ် ရခိုင်ကျောင်းသားသမဂ္ဂမှ ကိုကောင်းထွန်းတို့ဖြစ်ကြသည်။၎င်းတို့ ၄ ဦးသည် ပြီးခဲ့သည့်နှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သည့် NLD အစိုးရကို ဆန့်ကျင် ဆန္ဒပြပွဲအား ဦးဆောင်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့ ရဲမှူးဇော်နိုင်က တရားလိုလုပ်ကာ မြို့နယ်တရားရုံးတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။ စစ်တွေတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က မှန်လား၊ မှားလား ဆိုတာကို ဆန်းစစ်ဖို့လိုပါတယ်။ ကျွန်တော်တို့က ပြည်သူတွေ ခံစားနေတာတွေ၊ ခံစားနေရတာတွေကို ချပြတာဖြစ်ပါတယ်။ ဒီအပေါ်မှာ မတရားပုဒ်မတွေ တပ်ပြီးစွဲဆိုလိုက်တာဟာ ကျွန်တော်တို့ တိုုင်းရင်းသားတွေကို သပ်သပ်နှိပ်ကွပ်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။၎င်းတို့ ၄ ဦးအား လာမည့် မတ်လ ၁၉ ရက်နေ့တွင် ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။
https://www.facebook.com/151742128171206/posts/4104761209535925/