ဒေါက်တာအေးမောင်အပါအဝင် လွတ်တော်ကိုယ်စားလှယ်ဟောင်း ၅ ဦးက ANP ပါတီ၏ ငွေစာရင်းရှင်းတမ်းများအား စစ်ဆေးပေးရန်UEC ကိုတောင်းဆို

By Western News/ 2021 March 15

ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ‌ဒေါက်တာအေးမောင်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ၅ ဦးက ပြည်ထောင်စု ရွှေးကောက်ပွဲကော်မရှင် (UEC)ကို ရခိုင်အမျိုးသားပါတီ (ANP) ၏ငွေစာရင်းရှင်းတမ်းများအား စစ်ဆေးပေးရန် မတ်လ ၁၁ ရက်နေ့တွင် တောင်းဆိုလိုက်လိုက်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ‌‌ဒေါက်တာအေးမောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်လွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဝေစိန်အောင် တို့ကတောင်းဆိုလိုက်ခြင်းဖြစ်သည်။

ရခိုင်အမျိုးသားပါတီ ANP ပါတီမှ နှုတ်ထွက်ခွင့်ရရှိရေးကို အဟန့်အတားပြုနေသည့် စာရင်းရှင်းလင်းရန်ရှိသည့် ကိစ္စရပ်များ၊ မိမိတို့၏ ထည့်ဝင်ငွေများ၊ အများပြည်သူတို့၏ လှူဒါန်းထည့်ဝင်ငွေများကို သက်ဆိုင်သူတို့မှ ရှင်းရှင်းလင်းလင်းသိရှိနိုင်ရေးတို့အတွက် ANP ပါတီ၏ ငွေစာရင်းရှင်းတမ်းများကို စစ်ဆေးပေးရေးကိစ္စအား ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)မှ လိုအပ်သလိုအရေးယူ ဆောင်ရွက်ပေးရန်အတွက် တောင်းဆိုရခြင်းဖြစ်သည်ဟု တောင်းဆိုသည့်စာတွင်ဖော်ပြထားသည်။‌

ဒေါက်တာအေးမောင်က “မထမတစ်ချက်က နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပ‌ဒေအရ ပြည်ထောင်စုရွှေးကောက်ပွဲကော်မရှင်က အားလုံးကိုကြီးကြပ်တယ်။ ဒုတိယတစ်ချက်က ကျွန်တော်တို့က နှုတ်ထွက်ခွင့်တင်ထားတာ တော်တော်ကြာပြီ။ ကြားရတာက ငွေစာရင်းတွေပေးမရှင်းရသေးလို့ နှုတ်ထွင့်ခွင့်မပြုသလိုလိုကြားရတော့ ကျွန်တော်တို့မှာများ စာရင်းရှင်းစရာတွေရှိလားပေါ့။အဲ့လိုလည်း ANP ကတရားဝင်မပြောဘူး။ ကောလဟာလတွေကမျိုးစုံထွတ်တယ်။ သူတို့မှာပဲရှင်းစရာရှိလို့လား။ ကျွန်တော်တို့ကပဲ အလွဲသုံးစားလုပ်ထားလို့လား။ ဆိုတော့ တရားဝင်ငွေစာရင်းကိုစစ်ဆေးဖို့လိုလာတာပေါ့။ ANP ကစစ်ရင်လည်း ANP စစ်တာဖြစ်သွားမယ်။ အဲ့ဒါကြောင့် တတိယကော်မတီတစ်ခုကို စစ်ဆေးပေးဖို့တင်ပြရတာဖြစ်တယ်” ဟုပြောဆိုသည်။

လက်ရှိအချိန်တွင် လွှတ်တော်အမတ်သက်တမ်းများ ကုန်ဆုံးပြီးဖြစ်သလို ANP ဥက္ကဌ တာဝန်များကိုလည်း အလုံးစုံ လွှဲပြောင်းပေး အပ်ပြီးပြီဖြစ်၍ ANP ပါတီအနေဖြင့် နှုတ်ထွက်ခွင့်တင်ပြထားသူများကို ဂုဏ်သိက္ခာရှိစွာဖြင့် နှုတ်ထွက်ခွင့်ပြုသင့်ပြီး ဖြစ်ကြောင်း ‌ဒေါက်တာအေးမောင်က ပြောဆိုသည်။

ယင်းအပြင် ANP ပါတီမှ နှုတ်ထွက်ခွင့်တင်ပြထားသူများမှာ ပါတီသို့ ထည့်ဝင်ငွေ တစ်သိန်းခွဲကျပ်ထိ လစဉ်ထည့်ဝင်ခဲ့ သော်လည်း ‌ငွေရပြေစာပြန်ပေးခြင်း၊ ငွေစာရင်းရှင်းတမ်းရရှိခြင်း၊ အသိပေးအကြောင်းကြားခံရခြင်းများမရှိခဲ့ကြောင်း UEC ထံတောင်းဆိုသည့်စာတွင်ပါရှိသည်။

ဒေါက်တာအေးမောင်နှုတ်ထွက်ခွင့်နှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီ ANP ပါတီ ဥက္ကဌ ဦးသာထွန်းလှက “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရပြောရမယ်ဆိုရင် ပြစ်မှုတစ်ခုခုနဲ့ အကျဉ်းကျခံရသူတွေကို ပါတီဝင်အဖြစ်လက်ခံထားလို့မရဘူး။ ဒေါက်တာ အေးမောင်က အကျဉ်းချခံရကတည်းက ပါတီနဲ့သက်ဆိုင်မှုမရှိတော့ဘူးလို့ပြောလို့ရတယ်။ နှုတ်ထွက်ခွင့်ပြုတာ မပြုတာက တစ်ပိုင်း။ အဲဒါကအရေးကြီးတဲ့ကိစ္စတစ်ခုမဟုတ်ဘူးလို့ယူဆတယ်။ အခုအချိန်မှာ သူက လွတ်လွတ်လပ်လပ်ဆုံးဖြတ်လို့ရတဲ့ လူတစ်ယောက် ဖြစ်တယ်လို့ရှု့မြင်တယ်” ဟုပြောဆိုသည်။

ပါတီ၏ ဗဟိုကော်မတီဝင်များဆုံးဖြတ်ချက်များဖြင့် တရားဝင်နှုတ်ထွက်ခွင့်အကြောင်းကြားစာများပေးပို့ထားခြင်းများမရှိသော်လည်း ဒေါက်တာအေးမောင်အနေဖြင့် လက်ရှိအချိန်တွင် မိမိကြိုက်နှစ်သက်ရာပါတီတွင် လွတ်လွတ်လပ်လပ် ပါဝင်ဆောင်ရွက်ခွင့်ရှိသည်ဟု ယူဆကြောင်း ဦးသာထွန်းလှကပြောဆိုသည်။

https://www.facebook.com/westernnewsagency/posts/249946506811861

Leave a Reply

Your email address will not be published.